ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အကြိုဗိုလ်လုပွဲသို့ တက်ရောက်သွားသည့် မြန်မာအမျိုးသမီး ဘောလုံးအသင်းအား နိုင်ငံတော်မှ ထပ်မံပေးအပ်သည့် ဂုဏ်ပြုဆုငွေ ချီးမြှင့်

ဗီယက်နမ်၊ မေ ၁၆

အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ယနေ့တွင် ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပလျက်ရှိသည် (၃၁) ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲ Ha Long City ၌ ကျင်းပလျက်ရှိသည့် အမျိုးသမီး ဘောလုံးပြိုင်ပွဲနှင့် အမျိုးသားဘော်လီဘောပြိုင်ပွဲဝင် မြန်မာအားကစားသမားများကို သွားရောက်တွေ့ဆုံနှုတ်ဆက်သည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာတို့၏မဆုတ်မနစ်သော ဇွဲ၊ လုံ့လ ကြိုးစားအားထုတ်မှုကို ပြသယှဉ်ပြိုင်သွားကြရန်၊ အားကစားဖြင့် နိုင်ငံတော်၏ဂုဏ်ကို မြှင့်တင်ကြရန်နှင့် အောင်မြင်မှုရရှိသည်နှင့်အမျှ နိုင်ငံတော်နှင့် ပြည်သူတစ်ရပ်လုံးက စောင့်မျှော်အားပေး ဂုဏ်ပြုကြမည်ဖြစ်ကြောင်းပြောကြားပြီး အကြိုဗိုလ်လုပွဲသို့ တက်ရောက်သွားသည့် မြန်မာအမျိုးသမီး ဘောလုံးအသင်းကို နိုင်ငံတော်မှ ချီးမြှင့်ငွေ အမေရိကန်ဒေါ်လာ တစ်သိန်းပေးအပ်သည်။

မြန်မာ အမျိုးသမီးဘောလုံး အသင်းသည် အကြိုဗိုလ်လုပွဲအဖြစ် မေ (၁၈) ရက်တွင် ဗီယက်နမ် အမျိုးသမီးဘောလုံးအသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဟနွိုင်းမြို့ရှိ Tay Ho အားကစားရုံ၌ ကျင်းပလျှက်ရှိသည့် တိုက်ကွမ်ဒို အားကစားပြိုင်ပွဲမှ မြန်မာအားကစားသမားများ၏ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးသည်။

ယနေ့ပြိုင်ပွဲများအဖြစ် Ha Dong အားကစားရုံ၌ ဘိလိယက်/ စနူကာ အားကစား ပြိုင်ပွဲများကိုလည်းကောင်း၊ Hanoi National Sport Training Center ၌ မြားပစ်နှင့် သေနတ်ပစ် အားကစားပြိုင်ပွဲများကိုလည်းကောင်း၊ Hanoi Sport Training Center ၌ ပီတန်း အားကစားပြိုင်ပွဲကိုလည်းကောင်း၊ Hoang Mai အားကစားရုံ၌ ပိုက်ကျော်ခြင်း ပြိုင်ပွဲများကိုလည်းကောင်း၊  Bac Ninh အားကစားရုံ၌ လက်ဝှေ့အားကစား ပြိုင်ပွဲများကိုလည်းကောင်း ကျင်းပလျှက်ရှိပြီး မြန်မာအားကစားသမားများ ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိရာ ဘိလိယက် တစ်ဦးချင်းပြိုင်ပွဲတွင် ဦးပေါက်စက ဗိုလ်လုပွဲနှင့် အမျိုးသား/ အမျိုးသမီး (၃) ယောက်တွဲ ပီတန်းပြိုင်ပွဲတွင် မြန်မာအသင်းက အကြိုဗိုလ်လုပွဲသို့ တက်ရောက်သွားသည်။

(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ယနေ့အထိ ရွှေတံဆိပ် (၄) ခု၊ ငွေတံဆိပ် (၅)ခု နှင့် ကြေးတံဆိပ် (၉) ခုတို့ကို ဆွတ်ခူးရရှိထားပြီး စုစုပေါင်း ဆုတံဆိပ် (၁၈)ခုဖြင့် နိုင်ငံအလိုက်အဆင့်ရပ်တည်မှု အဆင့် (၇) တွင် ရပ်တည်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်