နေပြည်တော် နိုဝင်ဘာ ၁
ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တက်လာစေရန်နှင့် ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းများ လုပ်ကိုင်ရာတွင် ဘဏ္ဍာရေးစည်းမျဉ်း လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ လုပ်ကိုင်ဆောင်ရွက် နိုင်စေရန်ရည်ရွယ်၍ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးပြုလုပ်သည့် "ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း သင်တန်းအမှတ်စဉ် (၁/၂၀၂၁)" သင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၉) နာရီခွဲတွင် နေပြည်တော် အားကစား လေ့ကျင့်ရေးစခန်း (Multipurpose Hall) ၌ ကိုဗစ် - (၁၉) စည်းကမ်း သတ်မှတ်ချက်နှင့်အညီ ကျင်းပရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ တက်ရောက် အဖွင့်အမှာစကားပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနတိုင်းတွင် ဘဏ္ဍာရေးလုပ်ငန်းသည် မရှိမဖြစ်လိုအပ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနရှိ ဘဏ္ဍာရေးဝန်ထမ်းများ အနေဖြင့် နိုင်ငံတော်မှ ချမှတ်ပေးထားသော ဘဏ္ဍာငွေများကို စည်းမျဉ်း/ စည်းကမ်းနှင့်အညီ စနစ်တကျ သုံးစွဲနိုင်စေရန်မှာ အထူးအရေးကြီးပါကြောင်း၊ သို့မှသာ နိုင်ငံတော်ဘဏ္ဍာငွေများကို အကျိုးရှိစွာဖြင့် ဝန်ကြီးဌာန၏လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အကျိုးသက်ရောက်မှုရှိပြီး လုပ်ငန်းများ အောင်မြင်မည်ဖြစ်ပါကြောင်း။
ထို့ကြောင့် ဝန်ထမ်းများအနေနှင့် ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ရာတွင် ဘဏ္ဍာရေး စည်းမျဉ်း လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ လုပ်ကိုင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ချက် ကောင်းများဖြင့် ဤသင်တန်းကို ပထမဆုံးအကြိမ် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ မိမိတို့ တာဝန်ယူဆောင်ရွက်ရသော ရုံးလုပ်ငန်းသဘောတရားများ၊ နိုင်ငံ့ဝန်ထမ်း ဥပဒေ/ နည်းဥပဒေနှင့် ဘဏ္ဍာရေး စည်းမျဉ်း/ စည်းကမ်းများကို
သိရှိလိုက်နာ ဆောင်ရွက်ကြစေလိုကြောင်း၊ လက်ရှိဝန်ကြီးဌာန အသီးသီးတွင် ရုံးလုပ်ငန်းများကို ကျွမ်းကျင်ပိုင်နိုင်ပြီး ဌာနအတွက် လုပ်ငန်းကျွမ်းကျင်သော ဝန်ထမ်းများ မျိုးဆက်ပြတ်လပ်လျက် ရှိသည်ကို တွေ့ရှိရပါကြောင်း။
သို့ဖြစ်ပါ၍ သင်တန်းမှပို့ချသော သင်ခန်းစာ စာတွေ့များကို မိမိတို့၏လက်တွေ့ဘဝ သင်ခန်းစာများဖြင့် ပေါင်းစပ်ပြီး လုပ်ငန်းခွင်တွင် စာတွေ့လက်တွေ့ဖြင့် အကျိုးရှိစွာ ပြန်လည်အသုံးချရန် လိုအပ်ကြောင်း၊ သင်တန်းပြီးဆုံးသည့်အခါ မိမိတို့ တာဝန်ကျဌာနခွဲ ဒေသများသို့ ပြန်ရောက်သောအခါတွင် ပေးအပ်သော တာဝန်များကို ကျေပွန်အောင် ဆောင်ရွက်ကြရန်နှင့် တစ်ဦးကောင်း တစ်ယောက်ကောင်းစိတ် မမွေးဘဲ အဖွဲ့အစည်း စိတ်ဓာတ်မွေးပြီး စည်းလုံးညီညွတ်စွာဖြင့် မိမိတို့ဌာန တိုးတက်အောင်မြင်လာစေရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် ကြစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးဦးမျိုးလှိုင် က ရပ်ဝေးမှလာသော သင်တန်းသား/ သင်တန်းသူများ၏ စားသောက် နေထိုင်ရေး ပံ့ပိုးကူညီဆောင်ရွက်ပေးရန် ဖြည့်စွက်ပြောကြားသည်။
အဆိုပါသင်တန်း၌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန (ဝန်ကြီးရုံး)၊ အားကစားနှင့်ကာယ ပညာဦးစီးဌာန၊ ဘဏ္ဍာရေးဌာနခွဲ၊ ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ(၂)၊ အားကစားကွင်း/ အားကစား ရုံဌာနခွဲနှင့် အားကစားနှင့် ကာယပညာသိပ္ပံကျောင်းများမှ ငွေစာရင်း တာဝန်ယူဆောင်ရွက်သော ဝန်ထမ်းများ စုစုပေါင်း သင်တန်းသား/ သင်တန်းသူ (၂၅) ဦးတို့ တက်ရောက်လျက်ရှိပြီး သင်တန်းတွင် ဘဏ္ဍာရေးဆိုင်ရာ သင်ခန်းစာများကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ သင်တန်းနည်းပြဆရာမ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်လင်းလင်းထွန်းက နိုဝင်ဘာ (၁) ရက်မှ (၃၀) ရက်အထိ သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


