နေပြည်တော်၊ နိုဝင်ဘာ ၁၁

 

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ယမန်နေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ် (သထုံခရိုင်)အတွင်းရှိ မြို့နယ်များနှင့် ပဲခူးတိုင်းဒေသကြီးရှိ (ဝေါ)မြို့နယ် အားကစားကွင်း/ အားကစားရုံများသို့ ကြည့်ရှုစစ်ဆေးသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပေါင်မြို့နယ် အားကစားကွင်းနှင့် မိုးလုံလေလုံ အားကစားခန်းမအား လိုက်လံကြည့်ရှုစစ်ဆေးပြီး ပြည်သူများ အားကစားကွင်းရုံများ၌  လာရောက်ကစားနိုင်ရေး၊ စခန်းဝင် လေ့ကျင့်မည့် အားကစားသမားများ ပြည့်ပြည့်စုံစုံနှင့် အဆင်ပြေချောမွေ့စွာ နေထိုင်လေ့ကျင့်နိုင်ရေးအတွက် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန်နှင့် မိုးလုံလေလုံအားကစားခန်းမ ရေရှည်တည်တံ့နိုင်ရေးအတွက် ပြုပြင်ထိန်းသိမ်းရန် လိုအပ်ကြောင်း တာဝန်ရှိသူများအား မှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သထုံမြို့နယ် အားကစားခန်းမကို လည်းကောင်း၊ သထုံခရိုင် ဘောလုံးအားကစားကွင်းကိုလည်းကောင်း၊ သထုံခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန(၂)ထပ်ရုံး(အသစ်)နှင့် ကာယဗလနှင့် ကာယအလှ အားကစားခန်းမ(အသစ်) တည်ဆောက်ပြီးစီးမှုကို လည်းကောင်း၊ ကျိုက်ထိုမြို့နယ် မိုးလုံလေလုံ အားကစားခန်းမကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

 

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်ရှိ အားကစားခန်းမအား ကြည့်ရှုစစ်ဆေးပြီး အားကစားခန်းမ သန့်ရှင်းသပ်ရပ်စွာ ဆောင်ရွက်ထားရှိရန်နှင့် ပြည်သူများ စိတ်လက်ပေါ့ပါးစွာ အပန်းပြေလာရောက်ကစားနိုင်ရေးအတွက် စီမံဆောင်ရွက်ထားရှိရန်၊ ပျက်စီးယိုယွင်း နေမှုများ အမြန်ဆုံးပြုပြင်ဆောင်ရွက်ရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။

 

ဆက်လက်၍ ဝေါမြို့နယ်ရှိ ဘောလုံးအားကစားကွင်း၌ ပွဲကြည့်စင်အသစ် ပြန်လည်တည်ဆောက်မည့်နေရာအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)