နေပြည်တော် နိုဝင်ဘာ ၂၇

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် တာဝန်ရှိသူများသည် ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော်တွင် အားကစားပြိုင်ပွဲများကျင်းပမည့် အားကစားကွင်း/ အားကစားရုံများ ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ဝဏ္ဏသိဒ္ဓိအားကစားရုံ (A)၌ ပိုက်ကျော်ခြင်းပြိုင်ပွဲကွင်း ပြင်ဆင် ဆောင်ရွက်ထားရှိမှု၊ နောက်ခံဆိုင်းဘုတ်ဗီနိုင်း တပ်ဆင်ထားရှိမှု၊ ပြည်နယ် နှင့်တိုင်းဒေသကြီးအလံများ တပ်ဆင်ပြီးစီးမှုနှင့် ဝဏ္ဏသိဒ္ဓိအားကစားရုံ (B)၌ လျှာထိုး ကြမ်းခင်း ခင်းကျင်းပြီးစီးမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။

ဆက်လက်၍  အလေးမအားကစားရုံ၊ လက်ဝှေ့အားကစားရုံ၊ ဘိလိယက် နှင့်စနူကာအားကစားရုံ၊ တင်းနစ်ပြိုင်ပွဲကွင်း၊ အားကစားလေ့ကျင့်ရေးခန်းမ (၃)တွင်  ကရာတေးဒို၊ တိုက်ကွမ်ဒိုပြိုင်ပွဲရုံများ၏ ပြိုင်ပွဲ ကွင်း/ ပြိုင်ပွဲရုံ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့်  ပိုက်ကျော်ခြင်း အားကစားသမားများ၏ လေ့ကျင့် နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး သက်ဆိုင်ရာ ကဏ္ဍများအလိုက် လစ်ဟင်းမှုများ မရှိစေရေး၊ အမျိုးသားအားကစားပွဲတော် အောင်အောင်မြင်မြင် ကျင်းပနိုင်ရေးအတွက် ကဏ္ဍအလိုက် လုပ်ငန်း တာဝန်များကို ပူးပေါင်းဆောင်ရွက်သွားကြရန်နှင့် လိုအပ်သည်များရှိပါက အချိန်နှင့်တပြေးညီ တင်ပြ ဆောင်ရွက်သွားရန် တာဝန်ရှိသူများကို မှာကြားသည်။

အဆိုပါ ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် အားကစားနည်းအလိုက် အားကစားပြိုင်ပွဲများတွင် ဝန်ကြီးဌာနအဆင့် အားကစားနည်း ၆ နည်း၌ အုပ်ချုပ်/နည်းပြ၊ အားကစား သမား ၂၅၀၀ ကျော်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် အားကစားနည်း ၂၃ နည်း၌ အုပ်ချုပ်/နည်းပြ၊ အားကစားသမား ၆၆၀၀ ကျော်၊ မသန်စွမ်းအားကစားနည်း ၄ နည်း၌ အုပ်ချုပ်/နည်းပြ၊ အားကစားသမား ၁၄၀ ကျော် စုစုပေါင်းအင်းအား ၉၂၀၀ ကျော် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်