နေပြည်တော် နိုဝင်ဘာ ၂၈
၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ သည် ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်အတွင်းရှိ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် အားကစား ပြိုင်ပွဲများ ကျင်းပမည့် အားကစားကွင်း/ အားကစားရုံများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် အားကစားပြိုင်ပွဲ များကျင်းပမည့် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ ရွှေကြာပင်အားကစားကွင်း/ ရွှေကြာပင် အားကစားရုံ ပျဉ်းမနားမြို့နယ်ရှိ ပေါင်းလောင်းအားကစားကွင်း၊ ဘောဂဝတီအားကစားကွင်းများအတွင်း ကြိုတင်ပြင် ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ပြိုင်ပွဲကွင်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ကွင်းအဝင်လမ်းနှင့် နောက်ခံဆိုင်းဘုတ်ဗီနိုင်းများ အချိန်မီတပ်ဆင်ပြီးစီးနိုင်ရေး၊ ဘောလုံးကွင်းအတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေးနှင့် စိမ်းလန်းစိုပြေမှုရှိစေရေး၊ ရေစီးရေလာ ကောင်းမွန် စေရေးအတွက် ရေနုတ်မြောင်းများ သန့်ရှင်းရေးဆောင်ရွက်သွားရန်၊ ပြိုင်ပွဲကွင်းပတ်လည်တွင် အလံတိုင်များ တပ်ဆင်နိုင်ရေးနှင့် မိုဘိုင်းသန့်စင်ခန်းများ ထားရှိနိုင်ရေးအတွက် လိုအပ်သည်များကို ကြိုတင်ပြင်ဆင် ဆောင်ရွက်သွားရန် မှာကြားသည်။
ဆက်လက်၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ် ၂ တွင် အားကစား နှင့်ကာယပညာ(သိပ္ပံ)ကျောင်းများမှ ကျောင်းသား/ကျောင်းသူ (၂၆၀) တို့၏ Fitness Dance လေ့ကျင့် နေမှုနှင့် လေ့ကျင့်ရေးကွင်းအမှတ် ၁ တွင် အင်အား (၆၅)ဦးဖြင့် လေ့ကျင့်နေသည့် အလံတော် သယ်ယူရေး အဖွဲ့၏ အဖွဲ့လိုက် လေ့ကျင့်နေမှုများကို လိုက်လံကြည့်ရှုအားပေး ကာ ပြည်ထောင်စုဝန်ကြီးက ယခုကျင်းပ မည့် အားကစား ပွဲတော်ကြီးတွင် ပါဝင်ခွင့်ရရှိခြင်းသည် အားကစားနှင့်ကာယပညာ(သိပ္ပံ) ကျောင်း အချင်း ချင်းလည်း ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိလာမည်ဖြစ်ကြောင်း၊ တာဝန်ခံများကလည်း မိမိတို့ ကလေးများ၏ ကျန်းမာ ရေးအား အထူးအလေးထားဂရုစိုက်ကြရန်နှင့် လိုအပ်သည်များရှိပါက အချိန်နှင့် တစ်ပြေးညီ သတင်းပို့တင်ပြဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


