တောင်ကြီး ဖေဖော်ဝါရီ ၆
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ သည် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌဦးခွန်ရဲထွေး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအေးလှိုင် နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်၏ အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကစားကွင်း၊ အားကစားရုံများသို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် အားကစားကွင်းသို့ ရောက်ရှိစစ်ဆေးရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌဦးခွန်ရဲထွေးက အားကစားကွင်း၊ အားကစားရုံများ တည်ဆောက်ထားရှိမှုနှင့် အားကစားပြိုင်ပွဲများ ကျင်းပနိုင်မှု အခြေအနေများကို ရှင်းလင်းတင်ပြရာ အားကစားကွင်း၊ အားကစားရုံများတွင် လူတိုင်းလေ့ကျင့် ကစားနိုင်အောင် အထောက်အကူပစ္စည်းများပြည့်စုံစွာ စီစဉ်ပေးရန်နှင့် လုပ်ငန်းသုံးပစ္စည်းများကို ရေရှည်အသုံးပြုနိုင်ရေးအတွက် တာဝန်ရှိသူများက ကြပ်မတ်ထိန်းသိမ်းရန်မှာကြားပြီး ရုံးခန်းမအတွင်း၌ တာဝန်ထမ်းဆောင်နေသည့် အရာထမ်း၊ အမှုထမ်းများအားတွေ့ဆုံ၍ တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရုံးသို့ ရောက်ရှိရာ ဒေသဥက္ကဋ္ဌဦးခွန်ရဲထွေးက အားကစားကွင်း၊ အားကစားရုံအသစ် တည်ဆောက်ရန် မြေနေရာ(၃၁ဒသမ ၃၄) ဧကရွေးချယ်ထားရှိမှုကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဌနှင့်တာဝန်ရှိသူများက လက်ခံရယူကြပြီး ရွေးချယ်ထားရှိသည့် မြေနေရာသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) သို့ရောက်ရှိပြီး ခန်းမအတွင်း၌ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)ရှိ အရာထမ်း၊ အမှုထမ်းများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(လွိုင်ကော်)မှ ယာယီနေရပ်စွန့်ခွာ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံ၍ အမှာစကားပြောကြားကာ အားကစားနှင့်ကာယပညာသိပ္ပံ(လွိုင်ကော်)မှ ယာယီနေရပ်စွန့်ခွာမိ သားစုဝင်များအတွက် အဝတ်အထည်၊ စားသောက်ဖွယ်ရာနှင့် ထောက်ပံ့ငွေတန်ဖိုး (၁၀၃၆၅၀၀ဝိ/-)၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)ရှိ အရာထမ်း၊ အမှုထမ်းများအတွက် ထောက်ပံ့ငွေ (၁၅၀၀၀၀ဝိ/-)၊ထောက်ပံ့ငွေစုစုပေါင်း(၁၁၈၆၅၀၀ဝိ/-)ထောက်ပံ့ပေးအပ်ခဲ့ပြီး အားကစားနှင့် ကာယ ပညာသိပ္ပံ(တောင်ကြီး)ရှိ မီတာ(၄၀၀)ပြေးလမ်းပါဘောလုံးကွင်း၊ သင်တန်းသား၊ သင်တန်းသူ အိပ်ဆောင်၊ လေ့ကျင့်ရေးအားကစားရုံနှင့် လေ့ကျင့်ရေးရေကူးကန်တို့ကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။
သတင်းစဉ်