နေပြည်တော်၊ ဖေဖော်ဝါရီ ၄

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ယန့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာန ပြည်နယ်လေ့ကျင့်ရေး အားကစားရုံ၌ ကျင်းပသည့် ရှမ်းပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနရှိ အရာထမ်း၊ အမှုထမ်းများ၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်ရှိ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ယာယီတိုက်ပွဲရှောင် အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက မိမိတို့တိုင်းရင်းသားအားလုံးသည် ညီရင်းအစ်ကိုသဖွယ် နိုင်ငံနှင့် လူမျိုးကို ချစ်မြတ်နိုးသည့်စိတ်ထား ရှိကြစေလိုကြောင်း၊ နိုင်ငံတော်အကြီးအကဲအနေဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာ ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် လူမျိုးဘာသာ မခွဲခြားဘဲ ဆောင်ရွက်လျက် ရှိသဖြင့် ဝန်ထမ်းများအားလုံး ကျဉ်းမြောင်းသည့်အမြင်မထားရှိဘဲ မှန်ကန်စွာတွေးခေါ်ဆောင်ရွက်ကြပြီး တစ်ဦးနှင့်တစ်ဦး ချစ်ချစ်ခင်ခင် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ နယ်မြေဒေသ အခြေအနေအရ ရှမ်းပြည်နယ်သို့ လာရောက်နေထိုင်ကြသည့် ကယားပြည်နယ်မှ အရာထမ်း၊ အမှုထမ်းများအနေဖြင့်လည်း ဝန်ကြီးဌာနမှ တာဝန်ရှိသူများက လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးနေသည့်အတွက် နားလည်မှုရှိစွာဖြင့် အချိန်အတိုင်းအတာတခုအထိ သည်းခံ၍ တာဝန်ထမ်းဆောင်ကြစေလိုကြောင်း၊ လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ဖြစ်ပွားခြင်း မရှိစေရေးအတွက် တစ်ဦးချင်းကျန်းမာရေးအသိ ရှိယုံမျှမက မိမိတို့ မိသားစုများအားလုံး ကျန်းမာရေးအသိရှိအောင် လိုက်နာဆောင်ရွက်ကြရန်လိုကြောင်း၊ အရာထမ်း၊ အမှုထမ်းများအားလုံး မိသားစုစိတ်ဓါတ်ကို အခြေခံပြီး အထက်အောက်မျှတစွာ ကွပ်ကဲအုပ်ချုပ်ခြင်းဖြင့် မိမိတို့၏ အဓိကတာဝန်ဖြစ်သည့် မြန်မာ့အားကစား အောင်မြင်စေရေးကို ရှေးရှု ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရှမ်းပြည်နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနရှိ အရာထမ်း၊ အမှုထမ်းများ၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်ရှိ ယာယီတိုက်ပွဲရှောင် အရာထမ်း၊ အမှုထမ်းများအတွက် ထောက်ပံ့ ငွေကျပ် (၄၇၂၀၀၀ဝိ/-) နှင့် ဝေါလ်ကင်းရှူး၊ အတွင်းဝတ်အင်္ကျီ၊ ချွေးသိပ်ဝတ်စုံနှင့် စားသုံးကုန်ပစ္စည်းများအပါအဝင် စုစုပေါင်းတန်ဖိုး ငွေကျပ် (၁၃၅၃၃၀၀ဝိ/-) ကို ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။ ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် အရာထမ်း၊ အမှုထမ်းများ၏ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ဖြည့်ဆည်းဆောင်ရွက်ပေးပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်းသိရသည်။

သတင်းစဉ်