ရန်ကုန် အောက်တိုဘာ ၁၈
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အောင်ဆန်းအားကစားပြိုင်ဝင်း အဆင့်မြှင့်တင် တည်ဆောက်နိုင်မည့် အခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ အောင်ဆန်းအားကစား ပြိုင်ဝင်းအတွင်းရှိ ပျက်စီးနေသော ပွဲကြည့်စင် အဆောက်အဦအနေအထားများ၊ ခြံစည်းရိုးများ၊ ဘောလုံးကွင်းနှင့် ဘော်လီဘောလေ့ကျင့်ရုံ အနေအထားများ၊ ပြင်ဆင်ရန်လိုအပ်သည့် အနေအထားများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများကို မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လူငယ်အားကစားလေ့ကျင့်ရေးစခန်း သုဝဏ္ဏဘောလုံးကွင်းသို့ ရောက်ရှိပြီး ဘောလုံးကွင်းကို ကြည့်ရှုစစ်ဆေးကာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံအမှာစကားပြောကြားသည်။
ထို့နောက် မင်္ဂတောင်ညွန့်မြို့နယ်ရှိ သိမ်ဖြူတင်းနစ်အားကစားကွင်းသို့ ရောက်ရှိပြီး (၃၂)ကြိမ် မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် လေ့ကျင့်နေသော လက်ရွေးစင် အားကစားသမားများ၏ လေ့ကျင့်နေမှုကိုကြည့်ရှုပြီး အားကစားသမားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ အမှာစကားပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ် ရုံးခန်း၌ ဥက္ကဋ္ဌ ဦးဇော်ထိန်၊ ဒုတိယဥက္ကဌ ဦးမျိုးသိန်းထွေးနှင့် တာဝန်ရှိပုဂ္ဂိုလ်များကို တွေ့ဆုံပြီး အဖွဲ့ချုပ်တာဝန်ရှိသူများအားလုံးက စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်ဖြင့် ပေါင်းစပ်ညှိနှိုင်း ကြိုးစားဆောင်ရွက်ကြရန် မှာကြားပြီး အဖွဲ့ချုပ်ဥက္ကဋ္ဌက တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သင်္ဃန်းကျွန်းမြို့နယ်၊ အမျိုးသားအားကစား ပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၌ ၂၀၂၂ ခုနှစ်၊ အမျိုးသားတံခွန်စိုက် (အမျိုးသား/အမျိုးသမီး) ဘတ်စကက်ဘောပြိုင်ပွဲနှင့် U-18, U-25 (အမျိုးသား/အမျိုးသမီး) ဘတ်စကက်ဘောပြိုင်ပွဲတွင် RRY အသင်းနှင့် M.O.H.A အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်