ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်တောင်ပိုင်းရှိ Multipurpose Stadium ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးသည် လေ့ကျင့်နေသော ဖူဆယ်အားကစား သမားများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ အားကစားတာဝန်ခံများ အနေဖြင့် လိုအပ်သည့် အားကစား အသုံးအဆောင် ပစ္စည်းများကို ထုတ်ပေးရန်၊ အားကစားရုံ သန့်ရှင်းလှပစေရေးနှင့် ရေရှည်တည်တံ့စေရေး စနစ်တကျ စီမံဆောင်ရွက်ရန်၊ အားကစားသမားများ အနေဖြင့်လည်း စည်းကမ်းတကျ လိုက်နာဆောင်ရွက်ရန်၊ ပြိုင်ပွဲအသွင် ယှဉ်ပြိုင်ကစားသည့် အခါတွင် အရည်အချင်း သတ်မှတ်ချက်နှင့် ကိုက်ညီသော ဒိုင်လူကြီးများဖြင့် စနစ်တကျဆောင်ရွက်ရန် မှာကြား ပြီး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဒဂုံမြို့သစ်တောင်ပိုင်း ဘောလုံးကွင်းသို့ရောက်ရှိပြီး လေ့ကျင့်နေသော အားကစားသမားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကား ပြောကြား၍ တာဝန်ရှိသူများအား ပြေးခုန်ပစ် ဝါသနာပါသူများ လေ့ကျင့်နိုင်ရန်အတွက် ပြေးလမ်းများ ဖော်ဆောင်နိုင်ရေး၊ အားကစားသမား အရံထိုင်ခုံများတွင် အမိုးများ တပ်ဆင်ရေးနှင့် ဝန်ထမ်းသက်သာ ချောင်ချိရေးအတွက် သီးနှံစားပင်များ စိုက်ပျိုးကြရန် မှာကြားသည်။
ယင်းနောက် ဘောလုံးကွင်းအတွင်းရှိ တိုက်ကွမ်ဒိုလေ့ကျင့်ရုံသို့ ရောက်ရှိပြီး လေ့ကျင့်နေသော အားကစားသမားများနှင့် တွေ့ဆုံ၍ နောင်တစ်ချိန်တွင် နိုင်ငံ့ဂုဏ်ဆောင်နိုင်သည်အထိ ကြိုးစားလေ့ကျင့်ကြရန် တိုက်တွန်းပြောကြားကာ အားကစားရုံ အမိုးပြင်ဆင်၍ အခန်းကျယ် (Hall Type) ပုံစံ ပြုပြင်ရေး ကိစ္စရပ်များကို ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တောင်ဥက္ကလာပမြို့နယ်ရှိ ပဒေသာအားကစားရုံသို့ ရောက်ရှိပြီး တည်ဆောက်ဆဲ လက်ဝှေ့အားကစားရုံကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အင်းယားလမ်းရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်၌ စခန်းသွင်းလေ့ကျင့်နေသာ နည်းပြများ၊ အုပ်ချုပ်သူများနှင့် အားကစားသမားများကို သွားရောက်တွေ့ဆုံပြီး နိုင်ငံတော်မှ အားကစားကို အားပေးချီးမြှောက်နေသည့်အချိန်တွင် အစွမ်းကုန် ကြိုးစားလေ့ကျင့်ကြစေလိုကြောင်း၊ အခက်အခဲများကို အတတ်နိုင်ဆုံး ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲတိုင်းတွင် အားသွန်ခွန်စိုက် ကြိုးစားယှဉ်ပြိုင်ကြစေလိုကြောင်း မှာကြားကာ အားကစားသမားများနှင့် နည်းပြများ၏ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ တင်းနစ်အားကစားကွင်းသို့ ရောက်ရှိပြီး ပြည်ထောင်စုဘတ်ဂျက်ဖြင့် တည်ဆောက်ထားသော မိုးလုံလေလုံ တင်းနစ်လေ့ကျင့်ရေးခန်းမကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) သို့ ရောက်ရှိပြီး အမျိုးသမီး ၄ ထပ်အိပ်ဆောင်နှင့် အမျိုးသား ၄ ထပ်အိပ်ဆောင်တို့ကို လှည့်လည် ကြည့်ရှုစစ်ဆေး၍ စားရိပ်သာအတွက် လိုအပ်သည့်ဆန်များ စျေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်