မကွေး ၉ မေ
ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူသည် မကွေးတိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်များမှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား ယနေ့ညပိုင်းတွင် မကွေးတိုင်းဒေသကြီး စုပေါင်းရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးဝေဇင်ထွန်းက ခရိုင်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် မိတ်ဆက်ပေးပြီး မကွေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန လက်အောက်သို့ ပြောင်းရွှေ့ဖွဲ့စည်းခဲ့သည်မှာ ၄ လကျော်ပြီဖြစ်ပါကြောင်း၊ နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်ချက်၊ နိုင်ငံတော်အစိုးရ၏မူဝါဒ၊ ပြည်သူများလိုလားသည့် နိုင်ငံရေးစနစ်နှင့်အညီ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနကို ပြုပြင်ပြောင်းလဲနိုင်ရေးအတွက် ဌာန၏မျှော်မှန်းချက် (Vision) လုပ်ငန်းတာဝန် (Mission) (၄)ရပ်နှင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် ၃ ရပ်ကို ချမှတ်နိုင်ခဲ့ပြီဖြစ်ပါကြောင်း။
ပထမ ၃ လတာကာလတွင် အသွင်သဏ္ဍာန်ပြုပြင်ပြောင်းလဲရေးကို ဦးစားပေး ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဒုတိယ ၃ လတာကာလတွင် ဆက်လက်ဆောင်ရွက်မည့် အနှစ်သာရပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံ တင်ပြလမ်းညွှန်မှုခံယူခဲ့ပြီး ဖြစ်ပါကြောင်း၊ ယင်းသို့ တင်ပြသည့်အခါတွင် မိမိတို့ဆောင်ရွက်မည့် One State-One township ပြည်နယ်တစ်ခု၊ မြို့နယ်တစ်ခု စီမံချက်လုပ်ငန်းစဉ်အပေါ် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းများအနေနှင့် (Myanmar Sustainable Development Plan) မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP)ကို သိရှိနားလည်ရန် လိုအပ်သည်ဟု လမ်းညွှန်ခဲ့ပါကြောင်း။
တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ၏ ကြီးကြပ်မှုနှင့် ပေါင်းစပ်ညှိနှိုင်း အကောင်အထည်ဖော်မည့် One State-One township Project သည် (MSDP) စီမံကိန်းနှင့် သဟဇာတဖြစ်ရန် လိုအပ်သကဲ့သို့ နိုင်ငံနှင့် ပြည်သူအတွက် အမှန်တကယ် လိုအပ်သည့် စီမံကိန်းများဖြစ်ရန်လည်း အဓိကကျသည့်အတွက် မိမိတို့ အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းများအနေနှင့်လည်း စီမံကိန်းများပြုစုမရေးဆွဲမီ (MSDP)စီမံကိန်းကို နားလည်သဘောပေါက်ထားရန် လိုအပ်မည်ဖြစ်ပါကြောင်း။
ထို့အပြင် ဝန်ထမ်းလက်စွဲများ၊ ဝန်ထမ်းကျင့်ဝတ်များ ပြန်လည်ရေးဆွဲရန်နှင့် ပြဋ္ဌာန်းသက်မှတ်ချက်များနှင့် လုပ်ထုံးလုပ်နည်းများကို ပြန်လည်သုံးသပ် ပြင်ဆင်နိုင်ရေးအတွက် ဝန်ကြီးဌာနအဆင့် Regulatory Review Unit ကို ဝန်ကြီးဌာနအကြံပေးအဖွဲ့ဝင်နှစ်ဦး၊ ဝန်ကြီးရုံးနှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများနှင့် ဖွဲ့စည်း ဆောင်ရွက်သွားရန်လည်း စီစဉ်နေပါကြောင်း။
မိမိတို့ဝန်ကြီးဌာအနေဖြင့်လည်း အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit) (CPU) ဖွဲ့စည်းရမည့် ဝန်ကြီးဌာနများတွင် ပါဝင်နေသည့်အတွက် ဝန်ကြီးရုံးဖွဲ့စည်းပုံကို ပြင်ဆင်နေပြီး ဖွဲ့စည်းပုံရသည်နှင့် (CPU) ဖွဲ့စည်းရန်နှင့် ကာကွယ်တားဆီးရေးစီမံချက် ရေးဆွဲဆောင်ရွက်သွားရန်လည်း ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်ပါကြောင်း။
ထို့အတူ ပြန်လည်ပြင်ဆင်နေသည့် ဝန်ကြီးဌာနဖွဲ့စည်းပုံတွင် အထွေထွေအုပ်ချုပ်ရေး သင်တန်းကျောင်းကို ဖွဲ့စည်းပုံတိုးချဲ့ရန်လည်း ပါဝင်ပြီး သင်တန်းကျောင်းကို အဆင့်မြှင့်တင်ရန် သင်ရိုးညွှန်းတမ်း၊ သင်ခန်းစာများကို ခေတ်စနစ်နှင့်အညီ ပြုပြင်ပြောင်းလဲရန် နိုင်ငံတကာအဆင့်မီတက္ကသိုလ်တစ်ခုနှင့် ချိတ်ဆက်ပြီး အုပ်ချုပ်မှုသင်တန်းများ ဖွင့်လှစ်သွားနိုင်ရေးကိုလည်း ရည်ရွယ်ဆောင်ရွက်နေပါကြောင်း။
မိမိတို့အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းများ၏ ရာထူးတိုးမြှင့်ရေး၊ ပြောင်းရွှေ့ရေး စသည့် လူသားအရင်းအမြစ်များကို စီမံခန့်ခွဲသည့်စနစ်ကိုလည်း ပွင့်လင်းမြင်သာပြီး စနစ်တကျရှိစေရန်နှင့် မျှမျှတတဖြစ်စေရေးအတွက် မူဝါဒရေးဆွဲဆောင်ရွက်နိုင်ရန်လည်း စီစဉ်နေပါကြောင်း။
မိမိအနေနှင့်အထူးပြောလိုသည်မှာ သိမ်းဆည်းမြေဆိုင်ရာအမှုတွဲများ၊ စွန့်လွှတ်မြေဆိုင်ရာ အမှုတွဲများကို မြန်မြန်ဆန်ဆန်ဖြေရှင်းနိုင်ရေးအတွက် နိုင်ငံတော်သမ္မတကြီးနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့၏ လမ်းညွှန်မှုအရ ဗဟိုကော်မတီ၊ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်/ကျေး အစရှိသည့် လယ်ယာမြေနှင့်အခြား မြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ အဆင့်ဆင့်ကိုလည်း ပြင်ဆင်ဖွဲ့စည်းခဲ့ပြီးဖြစ်ပါကြောင်း။
ထို့သို့ပြင်ဆင်ဖွဲ့စည်းခဲ့ရာတွင် ဝန်ထမ်းဖွဲ့စည်းပုံခိုင်မာမှှုရှိသည့် မိမိတို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို အဓိကတာဝန်ပေးထားပြီး နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် အုပ်ချုပ်ရေးမှူးများကို နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြေ/စစ်ကော်မတီ အတွင်းရေးမှူးများအဖြစ် လည်းကောင်း၊ ခရိုင်မြေ/ စစ်ကော်မတီများတွင် ခရိုင်အုပ်ချုပ်ရေးမှူး၊ ဒု-အုပ်ချုပ်ရေးမှူးများကို ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ အဖြစ်လည်းကောင်း၊ မြို့နယ်မြေ/စစ်ကော်မတီများတွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒု-အုပ်ချုပ်ရေးမှူးများကို ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများအဖြစ် လည်းကောင်း တာဝန်ပေးအပ်ထားခြင်း ဖြစ်ပါကြောင်း။
ထို့ကြောင့် မိမိတို့အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းများအနေဖြင့် ဌာန၏ မူလလုပ်ငန်းတာဝန်များအပြင် နိုင်ငံတော်နှင့် မြေ/စစ်ဗဟိုကော်မတီက ပေးအပ်လာသည့် လုပ်ငန်းတာဝန်များကိုလည်း မိမိတို့၏အဓိကတာဝန်တစ်ရပ်အဖြစ် ခံယူပြီး သိမ်းဆည်းမြေ၊ စွန့်လွှတ်မြေဆိုင်ရာ ကိစ္စရပ်များကို ဗဟိုကော်မတီမှချမှတ်ထားသည့် မူဝါဒများ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များ၊ မြေစီမံခန့်ခွဲမှုဆိုင်ရာ တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ မြန်မြန်ဆန်ဆန် ဖြေရှင်းဆောင်ရွက်ပေးသွားကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း။
မကွေးတိုင်း မြေ/စစ်ကော်မတီအနေဖြင့်လည်း ဗဟိုကော်မတီမှပေးပို့ထားသည့် တိုင်ကြားစာအမှုတွဲ (၁၉၃)တွဲအနက် ဆောင်ရွက်ဆဲအမှုတွဲ (၁၄၄)တွဲနှင့် ပိတ်သိမ်းအမှု တွဲ(၄၉)တွဲဖြစ်ခြင်းကြောင့် ပြီးစီးမှုရာခိုင်နှုန်းသည် ၉ ဒသမ ၃၂ ရာခိုင်နှုန်းသာ ရှိနေသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် လက်ကျန်အမှုတွဲများ အမြန်ဆုံး မှန်ကန်ပြီးပြတ်အောင် ဖြေရှင်းပေးနိုင်ရန် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်မြေ/စစ်ကော် မတီအဆင့်ဆင့်က အင်တိုက်အားတိုက် ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ထို့နောက် မကွေးတိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများက လိုအပ်ချက်များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးပြီး ဝန်ကြီးဌာန၏မူဝါဒနှင့် လုပ်ငန်းစဉ်များကို လေးစားလိုက်နာဆောင်ရွက်ရန် မှာကြားသည်။
(သတင်းစဉ်)