ရန်ကုန် ၁၇ ဇူလိုင်
ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူသည် ယနေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ရန်ကုန်တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ရန်ကုန်တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်ဌေးက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက မိမိတို့နိုင်ငံသည် လွတ်လပ်ရေး ရပြီးချိန်မှစပြီး မတူကွဲပြားသည့် အစိုးရပုံသဏ္ဍာန်ခြောက်မျိုးနှင့် ဖြတ်သန်းခဲ့ရသော်လည်း ခေတ်အဆက်ဆက်တွင် အုပ်ချုပ်ရေးယန္တရားကို အဓိကကိုင်တွယ် ဆောင်ရွက်ခဲ့သည့် ဌာနသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနပင်ဖြစ်ကြောင်း။
လက်ရှိအစိုးရလက်ထက်တွင် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရန်အတွက် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP)ကို ချမှတ်ခဲ့ကြောင်း၊ အဆိုပါစီမံကိန်းတွင် မဏ္ဍိုင်ကြီး သုံးရပ်ပါရှိပြီး မဏ္ဍိုင် (၁)၏ နံပါတ်(၁) ရည်မှန်းချက်သည် ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ လုံခြုံရေးနှင့် ကောင်းမွန်သောအုပ်ချုပ်မှုတို့ဖြစ်ကြောင်း။
အဆိုပါမဏ္ဍိုင်(၁)၏ နံပါတ်(၁)ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ရန်အတွက် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနလက်အောက်ကို ပြောင်းရွှေ့ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ယခုဆိုလျှင် ပြောင်းရွှေ့ဖွဲ့စည်းကာလ ၆ လကျော် ရှိခဲ့ပြီဖြစ်ကြောင်း။
ယခုကဲ့သို့ ပြောင်းရွှေ့ဖွဲ့စည်းပြီးသည့်နောက်တွင် ဗဟိုချုပ်ကိုင်မှုလျှော့ချရေး၊ ကောင်းမွန်သည့် အုပ်ချုပ်ရေးယန္တရားနှင့်ပြည်သူကို မျက်နှာမူသည့် အုပ်ချုပ်ရေး ယန္တရားဖြစ်ရေး၊ စွမ်းဆောင်ရည်ပြည့်ဝသည့် လူသားအရင်းအမြစ်များ ရရှိရေးတို့ကို ရည်မှန်းပြီး ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်မည့် ဦးစားပေးကဏ္ဍကြီး (၃)ခုကို အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြီး ဖော်ထုတ်ချမှတ်ခဲ့ကြောင်း။
ထိုဦးစားပေးကဏ္ဍကြီး (၃)ခုမှာ (၁)ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အမိန့်ကြော်ငြာစာများကို ခေတ်ကာလနှင့်အညီ ပြင်ဆင်ပြောင်းလဲရန်၊ (၂)အသွင် သဏ္ဍာန်ပြောင်းလဲရေးနှင့် စီမံခန့်ခွဲမှုစနစ်၊ ကောင်းမွန်ထိရောက်သော ဝန်ဆောင်မှုစနစ်များ ဖြစ်ပေါ်လာစေရန်၊ (၃) ပြည်သူနှင့်အတူ ဟူသော မူဝါဒလမ်းညွှန်ချက်ကို အကောင်အထည်ဖော်ရန်အတွက် ပြည်သူဗဟိုပြုစီမံကိန်းများ ဆောင်ရွက်ရန်တို့ပင် ဖြစ်ကြောင်း။
ထို့အပြင် ပြည်သူကိုဗဟိုပြုသည့် ကောင်းမွန်သော အုပ်ချုပ်ရေးယန္တရား တည်ဆောက်ရေးကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အဓိကမျှော်မှန်းချက်(Vision) အဖြစ် သတ်မှတ်ခဲ့ပြီးဖြစ်ကြောင်း။
မိမိတို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် မြန်မာ့လူ့အဖွဲ့အစည်းအတွင်း သင့်မြတ်ရေးနှင့် သဟဇာတဖြစ်ရေးကိုလည်း အဓိက အထောက်အကူပေးနိုင်သည့် ဌာနကြီးဖြစ်သကဲ့သို့ ပဋိပက္ခများကို ကြိုတင်ကာကွယ် တားဆီးနိုင်ရေးအတွက်လည်း အရေးကြီးသည့် ဌာနကြီးတစ်ခုဖြစ်သည့်အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၏ အရည်အချင်းနှင့် စွမ်းဆောင်ရည်ပြည့်ဝရေးသည် အရေးအကြီးဆုံးဖြစ်သည်ကို မိမိအနေဖြင့် အလေးအနက်ပြောကြားလိုကြောင်း။
ထို့ကြောင့် မိမိတို့အနေဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများကို လေ့ကျင့်သင်ကြားပေးနေသည့် အုပ်ချုပ်ရေးပညာ ဖွံ့ဖြိုးမှုသင်တန်းကျောင်း (Institute of Development Administration – IDA) အဆင့်မြှင့်တင်နိုင်ရေးကို ပထမဦးစားပေးအဖြစ် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း။
ယခုကဲ့သို့ ဆောင်ရွက်ရာတွင် IDA ကျောင်း၏ သင်ရိုးညွှန်းတမ်း၊ သင်ခန်းစာများကို မိမိတို့နိုင်ငံ၏အခြေအနေ၊ အနာဂတ်မျှော်မှန်းချက်ဖြစ်သည့် ဖက်ဒရယ်ပြည်ထောင်စု စနစ်တို့နှင့်အညီ ပြုပြင်ပြောင်းလဲနိုင်ရန်၊ နိုင်ငံတကာအဆင့်မီ တက္ကသိုလ်များနှင့် ချိတ်ဆက်ပြီး အုပ်ချုပ်မှုသင်တန်းများ ဖွင့်လှစ်သွားနိုင်ရန်အတွက် နည်းပညာများ၊ အထောက်အပံ့များ ရရှိနိုင်ရန် မိမိဦးဆောင်ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများပါဝင်သော အဖွဲ့နှင့်အတူ ဂျပန်နိုင်ငံသို့ ၂၀၁၉ ခုနှစ် ဇူလိုင် ၇ ရက်မှ ၁၃ ရက်အထိ သွားရောက်ခဲ့ကြောင်း။
အဆိုပါခရီးစဉ်အတွင်း ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး၊ ဂျပန်နိုင်ငံ ကာကွယ်ရေးဝန်ကြီး၊ မြန်မာ-ဂျပန် လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအသင်း ဥက္ကဋ္ဌ၊ ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ဥက္ကဋ္ဌနှင့် JICA မှ တာဝန်ရှိသူများ၊ (JICA) Kansai Office မှ တာဝန်ရှိသူများနှင့် မိမိတို့နိုင်ငံ၏ အုပ်ချုပ်မှုကဏ္ဍ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ကိစ္စရပ်များ၊ ပြည်သူကို ဗဟိုပြုသော ကောင်းမွန်သည့် အုပ်ချုပ်ရေးစနစ် တည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်များကို ပိုမိုတိုးတက် ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း။
အုပ်ချုပ်မှု ပညာရပ်များနှင့်ပတ်သက်၍ Japan Intercultural Academy of Municipalities (JIAM)၊ Local Autonomy College ၊ National Graduate Institute for Policy Studies (GRIPS)၊ Meiji University ၏ လက်အောက်တွင်ရှိသည့် Graduate School of Governance Studies တို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး အုပ်ချုပ်မှုပညာသင်ကျောင်းများ၏ ဖွဲ့စည်းပုံ၊ ရည်ရွယ်ချက်၊ သင်ကြားမှုနည်းစနစ်များ စသည်တို့ကို လေ့လာခဲ့ကြောင်း။
ဂျပန်နိုင်ငံ ခရီးစဉ်အတွင်း လေ့လာခဲ့သည့်ကျောင်း၊ တက္ကသိုလ်၊ ဌာနများ၏ ဆောင်ရွက်မှုပုံစံများကို မှီငြမ်းပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးပညာ ဖွံ့ဖြိုးမှုသင်တန်းကျောင်းကို မြန်မာ့အုပ်ချုပ်ရေးစနစ်နှင့် ကိုက်ညီသည့် သင်ရိုးညွှန်းတမ်းများ ရေးဆွဲခြင်း၊ ကျောင်းအုပ်ချုပ်မှုပုံစံများ ပြုပြင်ပြောင်းလဲခြင်း၊ သင်ကြားရေးစနစ်များကို ပြောင်းလဲခြင်း၊ အုပ်ချုပ်ရေးနှင့်ဆက်စပ်သော ဘာသာရပ်များကို တိုးချဲ့သင်ကြားခြင်း၊ အထူးပြုဘာသာရပ်များ သင်ကြားခြင်း စသည့်လုပ်ငန်းများကို အဆင့်လိုက်၊ အပိုင်းလိုက်၊ ခွဲခြားပြီး အဆင့်ဆင့်ပြုပြင် ဆောင်ရွက်သွားရန်ရှိကြောင်း။
ယခုကဲ့သို့ ထွေ/အုပ် သင်တန်းကျောင်း အဆင့်မြှင့်တင်နိုင်ရေးအတွက် လေ့လာသုံးသပ် ဆောင်ရွက်လျက်ရှိသလို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကျင့်သုံးလျက်ရှိသည့် ပြဋ္ဌာန်းသတ်မှတ်ချက်များနှင့် လုပ်ထုံးလုပ်နည်းများကို ပြန်လည်သုံးသပ် ပြင်ဆင်နိုင်ရေးအတွက်ကိုလည်း ဝန်ကြီးဌာနအဆင့် Regulatory Review Unit ကို ဝန်ကြီးဌာန၊ အကြံပေးအဖွဲ့ဝင် နှစ်ဦး၊ ဝန်ကြီးရုံးနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ အရာထမ်းများပါဝင်ဖွဲ့စည်းပြီး ကဏ္ဍအလိုက် Time Frame များသတ်မှတ်ပြီး ဆောင်ရွက်လျက်ရှိကြောင်း။
ထို့အပြင် ဌာနတွင်းအုပ်ချုပ်မှု လုပ်ငန်းစဉ်များဖြစ်သည့် မိမိတို့ဝန်ထမ်းများ၏ ရာထူးတိုးမြှင့်ရေး၊ ပြောင်းရွှေ့ရေးလုပ်ငန်းစဉ်များကို စနစ်တကျ မျှမျှတတဖြစ်စေရန်အတွက် ဒေသအလိုက် အခြေခံထားသည့် အုပ်စု(၄)စုခွဲပြီး ရုံးချုပ်၊ နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ခရိုင်၊ မြို့နယ် အဆင့်ဆင့်တို့တွင် အလှည့်ကျစနစ်ဖြင့် တာဝန်ထမ်းဆောင်စေမည့် ဝန်ထမ်းပြောင်းရွှေ့ရေး မူဝါဒ(မူကြမ်း ပထမအကြိမ်)ကို ချမှတ်ရေးဆွဲခဲ့ပြီး ကနဦးအနေဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူး/ လက်ထောက်ညွှန်ကြားရေးမှူး ၆၅ ဦးကို ပြောင်းရွှေ့နေရာချထားခဲ့ပြီးဖြစ်ကြောင်း။
ထိုဝန်ထမ်းပြောင်းရွှေ့ရေးမူဝါဒ (မူကြမ်း)ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဝန်ထမ်းများ အဆင်ပြေမှု ရှိ-မရှိ၊ သင့်လျော်မျှတခြင်း ရှိ-မရှိ၊ လက်တွေ့လုပ်ငန်း အခြေအနေနှင့် ကိုက်ညီမှုရှိ-မရှိတို့ကို ဝန်ကြီးဌာန အကြံပေးအဖွဲ့၊ အထွေထွေ အုပ်ချုပ်ရေး ဝန်ထမ်းဟောင်းများအသင်းတို့နှင့် ပြန်လည်သုံးသပ်ဆွေးနွေး လျက်ရှိကြောင်း။
အလားတူ ပြည်သူများ၏နစ်နာမှု၊ တိုင်ကြားမှုများကို ဖြေရှင်းပေးနိုင်ရေးနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအပေါ် အကြံပြုချက်များ၊ တင်ပြလိုသည့်အချက်များကို တင်ပြနိုင်ရေးအတွက် ဝန်ကြီးဌာန Facebook Page ဖွင့်လှစ်ထားရှိကြောင်း၊ ထို့ပြင် Fax/E-mail တို့ဖြင့် လတ်တလော လက်ခံဖြေရှင်းဆောင်ရွက်ပေးနေကြောင်း။
မိမိတို့ဝန်ကြီးဌာန၏ ဆောင်ရွက်နေမှုများကို အများပြည်သူသိရှိနိုင်ရေး၊ ပြုပြင်သင့်သည်များကို အကြံပြုနိုင်ရေးတို့အတွက် Website တစ်ခုကို မကြာမီလွှင့်တင်ပြီး တိုင်ကြားစာပေးပို့နိုင်သည့် ကဏ္ဍတစ်ခုကိုပါ ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
မိမိတို့ဝန်ကြီးဌာနအနေဖြင့် တတိယသုံးလတာ ကာလအတွင်း ထပ်မံအကောင်အထည်ဖော် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကိုလည်း နိုင်ငံတော်အကြီးအကဲများထံ တင်ပြအတည်ပြုချက် ရရှိပြီးဖြစ်ကြောင်း၊ ထိုလုပ်ငန်းစဉ်များမှာ (၁)နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်အရ ၂၀၂၀ ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားအားလုံး မဲပေးနိုင်ရေး၊ မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး၊ မဲစာရင်းတိကျမှန်ကန်စေရေးတို့အတွက် အခြေခံမဲစာရင်းပြုစုခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဆောင်ရွက်ရမည့် အခြေခံလူဦးရေ စာရင်းကောက်ယူခြင်း လုပ်ငန်းများကိုလည်း သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ (၂)လယ်ယာ မြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီအဆင့်ဆင့်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးအဆင့်ဆင့်ကို အဓိကတာဝန် ပေးအပ်ထားပြီး ဖြစ်ခြင်းကြောင့် စိစစ်ခဲ့သည့်အမှုတွဲများကို သတ်မှတ်ကာလများအလိုက် ပိုင်းခြားပြီး ပြီးပြတ်အောင် ဖြေရှင်းဆောင်ရွက်လျက်ရှိကြောင်း၊ (၃) OSS ရုံးများ အရည်အသွေးမြှင့်တင်နိုင်ရေး၊ ရိုးရှင်းလွယ်ကူသည့် ဝန်ဆောင်မှုစနစ် ဖော်ဆောင်နိုင်ရေး၊ လုပ်ငန်းစဉ်များ ဖြေလျှော့ပေးနိုင်ရေးနှင့် Mobile OSS အဖွဲ့များဖြင့် ဝန်ဆောင်မှု ပေးနိုင်ရေးတို့အတွက်လည်း စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ (၄) ရပ်/ကျေး စာရေး (အငယ်တန်းစာရေး)များအတွက် သီးခြားသင်တန်း မရှိသည့်အတွက် သက်ဆိုင်ရာမြို့နယ်အလိုက် အခြေခံသင်တန်းပို့ချနိုင်ရေးနှင့် ရပ်/ကျေးအဆင့် ဝန်ထမ်းလက်စွဲစာအုပ် ပြုစုနိုင်ရေးအတွက် စီမံချက်ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း။
မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဒုတိယ(၃)လတာ ကာလအတွင်း ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်သကဲ့သို့ တတိယ(၃)လတာ ကာလအတွင်း ဆောင်ရွက်မည့် အထက်ပါ လုပ်ငန်းအစီအမံများကိုလည်း အကောင်အထည်ပေါ် အောင်မြင်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း။
ထို့ကြောင့် လုပ်ငန်းများကို အဓိကတာဝန်ယူဆောင်ရွက်မည့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအနေဖြင့် မိမိတို့ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အောင်မြင်အောင် ဆောင်ရွက်ပေးကြရန် အလေးအနက်ထား တိုက်တွန်းလိုကြောင်း။
နိဂုံးချုပ်အနေဖြင့် ပြည်သူကို ဗဟိုပြုသည့် အုပ်ချုပ်ရေးယန္တရား တည်ဆောက်ရေး လုပ်ငန်းစဉ်များတွင် အကောင်အထည်ဖော် အောင်မြင်အောင် စံနမူနာပြ ဆောင်ရွက်ပေးကြပါ၊ ကိုယ်ကျိုးစီးပွားနှင့် အဂတိတရား ကင်းစင်အောင် စာရိတ္တမဏ္ဍိုင်ကို ခိုင်ခိုင်မာမာ တည်ဆောက်ကြပါ၊ ပြည်သူနှင့်တစ်သားတည်း ရပ်တည်ဆောင်ရွက်ကြပါ၊ ပြည်သူအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်အောင် ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ပေးကြပါဟု မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမင်းသူသည် တက်ရောက်လာကြသည့် ရန်ကုန်တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
သတင်းစဉ်


