နေပြည်တော် ၄ ဧပြီ

 

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူသည် မွန်ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်များမှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား ယနေ့ ညပိုင်းတွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ဟင်္သာခန်းမ၌ တွေ့ဆုံသည်။

 

ရှေးဦးစွာ မွန်ပြည်နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်အုပ်ချုပ် ရေးမှူး ဦးလှဝင်းတင် က ခရိုင်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ် အုပ်ချုပ်ရေးမှူးများနှင့် မိတ်ဆက်ပေးပြီး မွန်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက် မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြုပြင်ပြောင်းလဲရေးကို ထိရောက်အောင်မြင်အောင် အကာင်အထည်ဖော်နိုင်ရန် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်မှ ၂၈ ရက်အထိ လက်ရှိ ထွေ/အုပ်ဌာနဝန်ထမ်းများ၊ ဝါရင့် ထွေ/အုပ်ဝန်ထမ်းဟောင်းများပါဝင်သည့် အလုပ်ရုံဆွေးနွေးပွဲကို ၃ ရက်တိုင်တိုင် ကျင်းပပြီး ထွက်ပေါ်လာသည့်ရလဒ်များ၊ ဝန်ကြီး ဌာနတာဝန်ရှိသူများ အကြံပေးအဖွဲ့၏ အကြံပြုချက်များအပေါ်အခြေခံ၍ ဌာနမျှော်မှန်းချက် (Vision) ၊ လုပ်ငန်းတာဝန် (Mission) များကို ချမှတ်နိုင်ခဲ့ပါကြောင်း။

 

mdn

 

ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် (၃)ရပ်ဖြစ်သည့် မူဝါဒပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေး၊ လုပ်ထုံးလုပ်နည်းနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ပြုပြင်ပြောင်းလဲရေး၊ ဒေသဖွံ့ဖြိုးရေးနှင့်လုပ်နည်းစနစ်ကောင်းများ တည်ဆောက်ရေးတို့ကို ဖော်ထုတ်နိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ ယခုလိုဖော်ထုတ်နိုင်ခဲ့သည့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို Time Frame  သတ်မှတ်ပြီး ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်အပိုင်းအလိုက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အသွင်သဏ္ဍာန်ပိုင်းဆိုင်ရာ ပြောင်းလဲမှုအချို့ကို (၃)လတာကာလအတွင်း ဆောင်ရွက်ခဲ့ပြီး ဒုတိယ(၃)လတာကာလကို အနှစ်သာရပိုင်းဆိုင်ရာပြုပြင်ပြောင်းလဲရေး အဖြစ်သတ်မှတ်၍ ဆောင်ရွက်နိုင်အောင် အကြံပေးအဖွဲ့၊ ပညာရှင်များနှင့် ညှိနှိုင်းဆွေးနွေး ဆောင်ရွက်နေပါကြောင်း။

 

ပထမဆုံး အနှစ်သာရပိုင်း ပြုပြင်ပြောင်းလဲနိုင်ရန်အတွက် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းအဆင့်ဆင့် လိုက်နာကျင့်သုံးရမည့် လုပ်ငန်းလက်စွဲ (Manual) များ၊ ဝန်ထမ်းကျင့်ဝတ် (Code of Conduct) များရေးဆွဲရန်၊ ပြဌာန်းသတ်မှတ်ချက်များကို ပြန်လည်သုံးသပ်နိုင်ရန် ဝန်ကြီးဌာနအဆင့် (Regulatory Review Unit) ကို ဖွဲ့စည်း ဆောင်ရွက်သွားရန် စီစဉ်နေပြီဖြစ်ပါကြောင်း။

 

အဆိုပါ Unit ကို ဖွဲ့စည်းပြီး ပြည်သူကို မျက်နှာမူသည့်၊ ပြည်သူကိုအခြေပြုသည့် အင်မတန်ရိုးရှင်းလွယ်ကူသော စီမံခန့်ခွဲမှု၊ ဝန်ဆောင်မှုများပေးနိုင်ရန်အတွက် လုပ်ထုံး လုပ်နည်းများ၊ ပြဌာန်းသတ်မှတ်ချက်များအပေါ် ဖြေလျော့သင့်သည်များ၊ ပြင်ဆင်သင့် သည်များကို ပြန်လည်သုံးသပ်၍ အကြံပေးအဖွဲ့၊ ပညာရှင်များနှင့် ဆွေးနွေးညှိနှိုင်းပြီး အတည်ပြုပြဌာန်းသတ်မှတ်ပေးရမည့် လုပ်ငန်းစဉ်များလည်းရှိပါကြောင်း။

 

ပြည်သူ့ဝန်ဆောင်မှုရုံး (OSS) များကို ၂၀၁၅ ခုနှစ် ဇူလိုင်လမှစ၍ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်အားလုံးတွင် ထွေ/အုပ်ဌာနအပါအဝင် ဌာနအများဆုံး (၁၅)ခုထိ ပါဝင်သည့် (OSS) ရုံးများကို ယနေ့အထိ တစ်နိုင်ငံလုံးတွင် (၃၁၆)ရုံး ဖွင့်လှစ်ထားခဲ့ပြီး ဖြစ်ပါကြောင်း။

 

အဆိုပါဝန်ဆောင်မှုလုပ်ငန်းတစ်ခုခုကို ပြည်သူကရယူချင်၍ လျှောက်ထားလာပါက ရုံးပေါင်းစုံ၊ ဌာနပေါင်းစုံကို အကြိမ်ကြိမ်သွားနေရပြီး အချိန်ကုန်၊ ဝန်ထုပ် ဝန်ပိုးဖြစ်သည်ဆိုသည့် ပြည်သူ့အသံများကို ကြားသိနေရဆဲဖြစ်ပါကြောင်း၊ မိမိတို့ (OSS) ရုံးများသည် ပြည်သူများ၏ အခက်အခဲကို မဖြေရှင်းပေးနိုင်ဘဲ ပြည်သူများသွားရသည့် ရုံးတစ်ရုံးသာပိုလာသည့်အဖြစ်မျိုး မရောက်စေလိုပါကြောင်း။

 

ထို့ကြောင့် (OSS) ရုံးကိုသွားပါက အစိုးရဌာနများအနေဖြင့် မည်သည့် ဝန်ဆောင်မှုများပေးနေပြီး ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်အဆင့်ဆင့်ကို ရှင်းလင်း နားလည်သိရှိအောင် ရှင်းပြနိုင်ရမည်ဖြစ်ကြောင်း၊ လိုအပ်သည့်အထောက်အထား၊ အချက် အလက်များပြည့်စုံပါက တစ်ခါတည်း ဆောင်ရွက်ပေးနိုင်သော လွယ်ကူသည့်စနစ်ကို ပြောင်းလဲခြင်းသည် ပထမအဆင့်ဖြစ်ပါကြောင်း။

 

ဒုတိယအဆင့်အနေဖြင့် မလိုအပ်သည့်အချက်အလက်နှင့် အထောက်အထားများကို ဖြေလျော့ပေးပြီး အမှန်တကယ်လိုအပ်သော အချက်အလက်များကိုသာ တောင်းခံသည့် ပြုပြင်ပြောင်းလဲမှုစနစ်ကို ဆောင်ရွက်နိုင်ရန် အကြံပေးအဖွဲ့များ၊ ပညာရှင်များနှင့် တိုင်ပင်ဆွေးနွေးနေပါကြောင်း။

 

မိမိတို့ ထွေ/အုပ်ဌာနဝန်ထမ်းများ၏ အရည်အချင်း၊ စွမ်းဆောင်ရည်များ မြှင့်တင်ပေးရန် ဆောင်ရွက်ရာတွင် ၂၀ဝ၃ ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ခဲ့သည့် အုပ်ချုပ်ရေး ပညာဖွံ့ဖြိုးမှုသင်တန်းကျောင်းကို အဆင့်မြှင့်တင်ရန်၊ ဖွဲ့စည်းပုံပြင်ဆင်ရန်၊ သင်ရိုး၊ သင်ခန်းစာနှင့် သင်တန်းများပြောင်းလဲရန်၊ နိုင်ငံတကာအဆင့်မီသင်တန်းကျောင်းများ နှင့်ချိတ်ဆက်ပြီး အုပ်ချုပ်မှုသင်တန်းများဖွင့်လှစ်နိုင်ရန်၊ သင်တန်းကျောင်းကို လိုအပ် သည့်ထောက်ပံ့မှုများ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ဆောင်ရွက်နေပါကြောင်း။

 

ဝန်ထမ်းများအတွက် အရေးကြီးသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဝန်ထမ်းပြောင်းရွှေ့ရေးမူ၊ လူသားအရင်းအမြစ်များ စီမံခန့်ခွဲမှုစနစ်တို့ကို ပွင့်လင်း မြင်သာ၍ မျှမျှတတဖြစ်အောင် ပြောင်းလဲပြင်ဆင်နိုင်ရန် ဆောင်ရွက်နေပါကြောင်း၊ လူမှုကွန်ရက်တွင် ဖွင့်ထားသည့် ဝန်ကြီးဌာန၏ Page သို့လည်း တိုက်ရိုက် Message ပေးပို့ အကြံပြုနိုင်ပါကြောင်း။

 

အဓိကဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ခုမှာ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်နှင့်အညီ မိမိတို့ဝန်ကြီးဌာနတွင် Corruption Prevention Unit (CPU) ဖွဲ့စည်းသွားရန်ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က Pilot Project အနေဖြင့် (CPU) များကို ဖွဲ့စည်းရန် ညှိနှိုင်းထားသည့် ဝန်ကြီးဌာနများတွင် မိမိတို့ဝန်ကြီးဌာနလည်း ပါဝင်ပါကြောင်း၊ ထို့ကြောင့် ဝန်ကြီးဌာန (CPU) ကို ဖွဲ့စည်းပြီး ကြိုတင်ကာကွယ်ရန်၊ တိုင်ကြားနိုင်သည့် စနစ်ထားရှိရန်၊ ကျော်ဇောသတင်းထွက်လျှင် ခေါ်ယူသတိပေးရန်၊ အဂတိဖြစ်တတ်သည့် နယ်ပယ်များကို ဖော်ထုတ်ထိန်းချုပ်ရန် အတွက် စီမံချက်ရေးဆွဲဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

 

နိဂုံးချုပ်အနေဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် ခေတ်စနစ်နှင့် နိုင်ငံရေး စနစ်များ မည်သို့ပြောင်းပြောင်း နိုင်ငံတော်၏ အဓိကကျသည့် အုပ်ချုပ်ရေးကျောရိုး မဏ္ဍိုင်ကြီးဖြစ်သည်နှင့်အညီ ပြည်သူကိုဗဟိုပြုသည့် အုပ်ချုပ်ရေးယန္တရားတည်ဆောက်ရေးတွင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို စံနမူနာပြဆောင်ရွက်ကြရန်၊ ကိုယ်ကျိုးစီးပွားနှင့် အဂတိတရားကင်းအောင် စာရိတ္တမဏ္ဍိုင်ကို ခိုင်ခိုင်မာမာတည် ဆောက်ကြရန်၊ ပြည်သူနှင့်ထိတွေ့ပြီး ပြည်သူနှင့် တစ်သားတည်း ရပ်တည်ဆောင်ရွက်ကြရန်နှင့် ပြည်သူအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်အောင် ဉပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ မိမိတို့၏ အလုပ်များကို ပိုမိုကောင်းမွန်ထိရောက်အောင် ဆောင်ရွက်ရန်လိုအပ်သကဲ့သို့ ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသရွေ့ အကောင်အထည်ဖော်ဆောင်ရွက်ကြပါ ဟု အလေးအနက်ထား မှာကြားလိုပါကြောင်း ပြောကြားသည်။

 

mdn

 

ထို့နောက် မွန်ပြည်နယ်၊ ခရိုင်နှင့် မြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများက လိုအပ်ချက်များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးပြီး ဝန်ကြီးဌာန၏မူဝါဒနှင့် လုပ်ငန်းစဉ်များကို လေးစား လိုက်နာဆောင်ရွက်ရန် မှာကြားသည်။

 

(သတင်းစဉ်)