နေပြည်တော် အောက်တိုဘာ ၁

 

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ၅၀၀ ကေဗွီဘုရားကြီး ဓာတ်အားခွဲရုံ စီမံကိန်း လုပ်ငန်းတိုးတက်မှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများက စီမံကိန်းဆိုင်ရာ အချက်အလက်များ၊ ဓာတ်အားခွဲရုံစီမံကိန်း လုပ်ငန်းများ ဆောင်ရွက်နေမှု၊ လက်ရှိလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများဆောင်ရွက်ရာတွင် ဝန်ထမ်းအင်အား၊ စက်ယန္တရားအင်အားကို ပိုမို တိုးချဲ့စုဖွဲ့၍ ဟန်ချက်ညီပြီးစီးနိုင်ရေး အင်တိုက်အားတိုက် ဆောင်ရွက်သွားရန်၊ လုပ်ငန်းများအလိုက် ပြီးစီးရမည့် အချိန်ဇယားများရေးဆွဲထားပြီး ၎င်းအချိန်ဇယားများ အတိုင်း ပြီးစီးနိုင်ရေး အဆင့်ဆင့်ကြပ်မတ်၍ အရည်အသွေး စံချိန်စံညွှန်းပြည့်မီအောင် ဆောင်ရွက်သွားရန်၊ ပစ္စည်းများ အချိန်မီရောက်ရှိရေး၊ ရောက်ရှိပြီးပစ္စည်းများ ပျက်စီးမှုမရှိစေရေး စနစ်တကျ ထားသို ထိန်းသိမ်းသွားရန် မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ထို့နောက် စီမံကိန်းလုပ်ငန်းခွင်အတွင်း Control Building နှင့် Switch Yard တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ထရန်စဖော်မာများ၊ Shunt Reactor တပ်ဆင်နေမှုနှင့် Hybrid Gas Insulated Switchgear (HGIS) တပ်ဆင်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

 

ယခုအကောင်အထည်ဖော် တည်ဆောက်လျက်ရှိသည့် ၅၀၀ ကေဗွီ ဘုရားကြီး ဓာတ်အားခွဲရုံစီမံကိန်း ဆောင်ရွက်ပြီးစီးပါက ၅၀၀ ကေ‌ဗွီ ဓာတ်အားလိုင်းစနစ်ဖြင့် မြန်မာနိုင်ငံမြောက်ပိုင်းမှ ထုတ်လုပ် လျက်ရှိသည့် လျှပ်စစ်ဓာတ်အားများကို မြန်မာနိုင်ငံတောင်ပိုင်းသို့ ဗို့အားပြည့်ဝ တည်ငြိမ်စွာဖြင့် ပို့လွှတ်နိုင်မည်ဖြစ်သည်။ ယခုအခါ ၅၀၀ ကေဗွီ ဓာတ်အားခွဲရုံများ တည်ဆောက်နေဆဲကာလတွင် ၂၃၀ ကေဗွီ ဗို့အားဖြင့် လျှပ်စစ်ဓာတ်အားများ စတင်ပို့လွှတ်ပေးလျက်ရှိပြီး ၅၀၀ ကေဗွီစနစ်ဖြင့် ပို့လွှတ်နိုင်ရန် အတွက် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ တည်ဆောက်ခြင်းအပါအဝင် စီမံကိန်းတစ်ခုလုံးအနေဖြင့် ၇၇ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကာ ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်း စီမံကိန်းတစ်ခုလုံး ရာနှုန်းပြည့်ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)