နေပြည်တော်၊ စက်တင်ဘာ၂၃ 

 

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဒုတိယဝန်ကြီး ဦးအေးကျော်နှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၉၃ အနီး လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ၅၀၀ ကေဗွီ ကံကောင်း ဓာတ်အားခွဲရုံ တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။        

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ၅၀၀ ကေဗွီ ကံကောင်းဓာတ်အားခွဲရုံ စီမံကိန်း လုပ်ငန်းခွင်သို့ ရောက်ရှိပြီး ယာယီရှင်းလင်းဆောင်၌ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်နှင့် တာဝန်ရှိသူများက  ၅၀၀ ကေဗွီ ကံကောင်းဓာတ်အားခွဲရုံနှင့် ၅၀၀ ကေဗွီ စပါးကြွယ်ဓာတ်အားခွဲရုံ တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ယခုစီမံကိန်းသည် နိုင်ငံ၏လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးကဏ္ဍတွင် အရေးပါသောစီမံကိန်းဖြစ်သဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဆောင်ရွက်ရန်ကျန် လုပ်ငန်းများအလိုက် ပြီးစီးရမည့်အချိန်ဇယားများ ရေးဆွဲထားပြီး ၎င်းအချိန်ဇယားများအတိုင်း သတ်မှတ်ချိန်ပြီးစီးနိုင်ရေး အဆင့်ဆင့်ကြပ်မတ် ဆောင်ရွက်ရန်၊ ဆောင်ရွက်ရာတွင်လည်း အရည်အသွေးပြည့်မီအောင် ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ ဓာတ်အားခွဲရုံ မြေနေရာများကိုလည်း ဌာနပိုင်အမည်ပေါက်ရရှိရေး ဟန်ချက်ညီ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ စီမံကိန်းများကို ဆောင်ရွက်လျက်ရှိရာမှ အခက်အခဲများကြောင့် သက်တမ်းတိုးရန် လိုအပ်ပါက သေချာ တိကျ ခိုင်မာသည့် အချက်အလက်များဖြင့် ကြိုတင်သက်တမ်းတိုး တင်ပြသွားရန်လိုအပ်ကြောင်း မှာကြားခဲ့ပြီး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေသော ဝန်ထမ်းများကို ဂုဏ်ပြုသစ်သီးခြင်းများ ပေးအပ်သည်။

 

mdn

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်  စီမံကိန်းလုပ်ငန်းခွင်အတွင်း ထရန်စဖော်မာများနှင့် Shunt Reactor တပ်ဆင်ပြီးစီးမှု၊ Hybrid Gas Insulated Switchgear (HGIS) တပ်ဆင်ပြီးစီးမှု၊ 500 kV Switch Bay နှင့် 230 kV Switch Bay တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် Control Building တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

 

ယခု ဆောင်ရွက်လျက်ရှိသည့် ၅၀၀ ကေဗွီ ကံကောင်းဓာတ်အားခွဲရုံ စီမံကိန်းသည် မြန်မာနိုင်ငံတွင် ပထမဆုံး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ၅၀၀ ကေဗွီ ဓာတ်အားခွဲရုံ စီမံကိန်းဖြစ်ကာ ၎င်းစီမံကိန်းပြီးစီးသွားသည်နှင့်  နိုင်ငံမြောက်ပိုင်းတွင် တည်ရှိနေသော လျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ထုတ်လုပ်လျက်ရှိသည့် လျှပ်စစ်ဓာတ်အားများကို နိုင်ငံ၏တောင်ပိုင်းသို့ ပြည့်ဝစွာပို့လွှတ်နိုင်မည်ဖြစ်သည်။ ယခုအခါစီမံကိန်း တစ်ခုလုံးအနေဖြင့် ၇၃ ဒသမ ၁၇ ရာခိုင်နှုန်း ပြီးစီးလျက်ရှိပြီး ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် စီမံကိန်းတစ်ခုလုံးရာနှုန်းပြည့် ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်