နေပြည်တော် ဧပြီ ၂၆
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် အတွင်း လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေး နှင့် ကွပ်ကဲရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ၅၀၀ ကေဗွီ လှိုင်သာယာ (အနောက်ပိုင်းတက္ကသိုလ်) ဓာတ်အားခွဲရုံတည်ဆောက်ရေးစီမံကိန်း၏ လုပ်ငန်းတိုးတက်မှုအခြေအနေ များကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ကြည့်ရှုစဉ် တာဝန်ရှိသူများက စီမံကိန်းဆိုင်ရာအချက်အလက်များ၊ ၅၀၀ ကေဗွီလှိုင်သာယာ (အနောက်ပိုင်းတက္ကသိုလ်)ဓာတ်အားခွဲရုံစီမံကိန်းနှင့် ဆက်စပ်စီမံကိန်းလုပ် ငန်းများဆောင်ရွက်နေမှု၊ လက်ရှိ လုပ်ငန်းများဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများကို ရှင်းလင်း တင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက စီမံကိန်းလျာထားချက်အတိုင်း လုပ်ငန်းများပြီးစီးနိုင် ရေး၊ လုပ်ငန်းခွင်ဘေး အန္တရာယ်ကင်းရှင်းရေး၊ လုံခြုံရေးသတိ၊ လုံခြုံရေးအသိအမြဲရှိစေရေး၊ လုပ်ငန်းခွင်သုံးပစ္စည်းများ စနစ်တကျအသုံးပြုစေရေး၊ စီမံကိန်းတွင်တပ်ဆင်အသုံးပြုမည့် စက်ပစ္စည်းများအား အရည်အသွေး စံချိန်စံညွှန်းပြည့်မီရေး အလေးထားဆောင်ရွက်သွားရန်နှင့် တပ်ဆင်ပြီးစီးသည့် ထရန်စဖော်မာများနှင့် လျှပ်စစ်ပိုင်းဆိုင်ရာ စက်ပစ္စည်းကိရိယာများကို ငလျင်ဒဏ်သက်ရောက်မှုရှိ၊ မရှိ ပညာရှင်အဖွဲ့နှင့် ထပ်မံစစ်ဆေးဆောင်ရွက်ပြီး ကျန်ရှိသည့် လုပ်ငန်းများအား သတ်မှတ်ကာလအတွင်း ပြီးပြတ်စေရေး ကြပ်မတ်ဆောင်ရွက် ရန်နှင့် ခွဲရုံ၏ လစ်လပ်မြေနေရာများတွင် ရာသီသီးနှံ၊ သီးပင်စားပင် အရိပ်ရ လေကာပင်နှင့် နှစ်ရှည်ပင်များ မိုးရာသီကာလ စိုက်ပျိုးနိုင်ရေး ကြိုတင်စီစဉ်ထားရှိရန် တို့ကို မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် စီမံကိန်းလုပ်ငန်းခွင်အတွင်း ထရန်စဖော်မာများ နှင့် Shunt Reactor တပ်ဆင်ပြီးစီးမှု၊ Hybrid Gas Insulated Switchgear (HGIS) တပ်ဆင် ပြီးစီးမှု၊ 500 kV Switch Bay နှင့် 230 kV Switch Bay တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် Control Building တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။
ယခုအကောင်အထည်ဖော် တည်ဆောက်လျက်ရှိသည့် ၅၀၀ လှိုင်သာယာ(အနောက်ပိုင်း တက္ကသိုလ်) ဓာတ်အားခွဲရုံ စီမံကိန်းသည် လက်ရှိအချိန်တွင် စီမံကိန်းတစ်ခုလုံးအနေဖြင့် ၇၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကာ စီမံကိန်းတစ်ခုလုံး ရာနှုန်းပြည့်ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)