နေပြည်တော် အောက်တိုဘာ ၇
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဒုတိယဝန်ကြီး ဦးအေးကျော်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက အထက်ပေါင်းလောင်း ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံသွားရာ လမ်းတစ်လျှောက် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်နံရံများမှ မြေသားများ လမ်းပေါ်သို့ ပြိုကျခဲ့မှုအား စက်ယန္တရားကြီးများအသုံးပြု၍ ဖယ်ရှားရှင်းလင်းနေမှု၊ ရေတိုက်စားမှုကြောင့် ပျက်စီးခဲ့သည့်လမ်းများအား ပြုပြင်ဆောင်ရွက်နေမှု၊ ယာယီသွားလာနိုင်ရေး ဆောင်ရွက်ထားမှုနှင့် ဓာတ်အားပေးစက်ရုံသို့ သွားရောက်သည့် ချဉ်းကပ်လမ်း ရေတိုက်စားပျက်စီးခဲ့မှု အခြေအနေကို သွားရောက် ကြည့်ရှု စစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက စက်ရုံသို့ သွားရာလမ်းကြောင်း ပြန်လည်ဖောက်လုပ်ရာတွင် သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်သွားရန်နှင့် လမ်း၏ အထက်ဘက်ရှိ ဓာတ်အားပေးစက်ရုံ Switch Yard နှင့် အဆောက်အဉီများ ထိခိုက်မှုမရှိစေရေး ဆောင်ရွက်သွားရန် မှာကြားသည်။
ထို့နောက် ရေတိုက်စားမှုကြောင့် ပျက်စီးသွားသည့် ဝန်ထမ်းအိမ်ရာများကို ကြည့်ရှုစစ်ဆေးပြီး ရေလှောင် တမံရှုရပ်သို့ရောက်ရှိကာ တမံအတွင်းရေဝင်ရောက်မှု၊ ရေပိုလွှဲမှ ရေလျှံကျနေမှုနှင့် တမံကြံခိုင်မှု အခြေအနေ ကို ကြည့်ရှုသည်။
ယင်းနောက် ဓာတ်အားပေးစက်ရုံအတွင်း ရေဝင်ရောက်ခဲ့မှု အခြေအနေကို လှည့်လည်ကြည့်ရှုပြီး ဓာတ်အား ပေးစက်များ ပျက်စီးမှုအခြေအနေကို အမြန်ဆုံးစစ်ဆေးပြီး လိုအပ်သည်များ ပြုပြင်ဆောင်ရွက်နိုင်ရန် ကျွမ်းကျင်ဝန်ထမ်းများစုစည်း၍ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားရန်နှင့် လိုအပ်ပါက ပြည်ပမှ ကျွမ်းကျင်သူ များ ငှားရမ်းဆောင်ရွက်သွားရန်မှာကြားကာ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ စားသောက်ဖွယ်ရာ များ၊ ထောက်ပံ့ငွေများ၊ ကျောင်းသုံး ဗလာစာအုပ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်သည်။
အထက်ပေါင်းလောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် ပျဉ်းမနားမြို့၏ အရှေ့ဘက် (၂၆) မိုင်ခန့် အကွာ ပေါင်းလောင်းမြစ်ပေါ်တွင် တည်ဆောက်ထားပြီး တပ်ဆင်အင်အားအနေဖြင့် (၇၀) မဂ္ဂါဝပ် ဓာတ်အားပေးစက် (၂) လုံးဖြင့် စုစုပေါင်း (၁၄၀) မဂ္ဂါဝပ်ကို ၂၃၀ ကေဗွီ အထက်ပေါင်းလောင်း-နန်ချို ဓာတ်အားလိုင်းဖြင့် နိုင်ငံတော်ဓာတ်အားကွန်ရက် စနစ်အတွင်းသို့ တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား ၄၅၄ ကီလိုဝပ်နာရီ သန်းခန့်ထုတ်လုပ်ပေးလျက်ရှိရာ ရာဂီမုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်း၍ တမံအတွင်း ရေဝင်ရောက်မှုများပြားပြီး ရေပိုလွှဲမှ ပေ ၂၀ ကျော် ရေလျှံကျမှုကြောင့် ဓာတ်အားပေး စက်ရုံအတွင်း ရေများ ဝင်ရောက်ခဲ့သည့်အတွက် ဓာတ်အားပေးစက်များ ရေနစ်မြုပ်ပြီး ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ဓာတ်အားထုတ်လုပ်မှုများ ရပ်နားခဲ့ရပြီး ဓာတ်အားအမြန်ဆုံးပြန်လည်ထုတ် လုပ်ပို့လွှတ် ဖြန့်ဖြူးပေးနိုင်ရန်အတွက် ရေအားလျှပ်စစ်အကောင် အထည်ဖော်ရေးဦးစီးဌာနနှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းတို့မှ အင်ဂျင်နီယာများပူးပေါင်း၍ ကျွမ်းကျင်ဝန်ထမ်းများဖြင့် အဖွဲ့များခွဲကာ စစ်ဆေးခြင်းနှင့် ပြန်လည်ပြုပြင် တည်ဆောက်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်၍ ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)