နေပြည်တော် စက်တင်ဘာ ၃

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း သည် တာဝန်ရှိသူ များနှင့်အတူ ယမန်နေ့က မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျောက်ဆည် ၁၄၅ မဂ္ဂါဝပ် ဓာတ်ငွေ့အင်ဂျင်ဓာတ်အားပေးစက်ရုံနှင့် မိတ္ထီလာ သပြေဝ(၃၀)မဂ္ဂါဝပ် နေရောင်ခြည် စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများ၏ ဓာတ်အားထုတ်လုပ်နေမှု အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ကျောက်ဆည် ၁၄၅ မဂ္ဂါဝပ် ဓာတ်ငွေ့အင်ဂျင် ဓာတ်အားပေးစက်ရုံသို့ ရောက်ရှိရာ  တာဝန်ရှိသူများက ရှင်းလင်းဆောင်၌ ဓာတ်အားပေး စက်ရုံဆိုင်ရာ အချက်အလက်များ၊  နိုင်ငံတော်ဓာတ်အားစနစ်နှင့် ချိတ်ဆက်ပြီး လျှပ်စစ် ဓာတ်အားများ ထုတ်လုပ်ပေးနေမှုနှင့် ဓာတ်အားပေးစက်ကြီးများ မောင်းနှင်နေမှု အခြေ အနေများကို ရှင်းလင်းတင်ပြကြပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူးက လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်ဝန်ကြီးချုပ်၏ ညွှန်ကြား ချက်နှင့်အညီ စက်ရုံအသစ်များ တည်ဆောက်ခြင်း မပြုနိုင်မီ ကာလတွင် လက်ရှိတည် ဆောက်ပြီး စက်ရုံ၊ အလုပ်ရုံများကို ပြုပြင်ထိန်းသိမ်းပြီး စွမ်းအားပြည့်ထုတ်လုပ်နိုင်အောင် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်၏ လိုအပ်ချက်ဖြစ်သည့် လျှပ်စစ်ဓာတ်အားကို ကူညီဖြည့် ဆည်းနိုင်မည်ဖြစ်သဖြင့် ရေရှည်လည်ပတ် ဆောင်ရွက်သွားနိုင်ရန်အတွက် ကြိုးစား ဆောင်ရွက်သွားရန်နှင့် စက်များချို့ယွင်းမှုရှိပါက အချိန်နှင့်တပြေးညီ ပြင်ဆင်နိုင်ရေး စက်အရန်ပစ္စည်းများကို စနစ်တကျ စုဆောင်းထားရန် မှာကြားပြီး ဓာတ်အားထိန်းချုပ်ခန်းအတွင်း နိုင်ငံတော်ဓာတ်အားစနစ်နှင့် ချိတ်ဆက်၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနေမှုနှင့် ဓာတ်အားပေးစက်ကြီးများ မောင်းနှင်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

အဆိုပါ ကျောက်ဆည် ၁၄၅ မဂ္ဂါဝပ် ဓာတ်ငွေ့အင်ဂျင် ဓာတ်အားပေးစက်ရုံသည် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် ဘဲလင်းဒေသတွင်တည်ရှိပြီး Independent Power Producer (IPP), Build-Operate-Own(BOO) စနစ်ဖြင့် PowerGen Kyaukse Co.,Ltd. က ၂၀၁၈ ခုနှစ် မေလတွင် စတင်အကောင်အထည်ဖော် တည်ဆောက်ခဲ့ကာ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စီးပွားဖြစ်ဓာတ်အား စတင် ထုတ်လုပ်နိုင်ခဲ့သည်။ 

ဓာတ်အားပေးစက်ရုံ၏ စက်တပ်ဆင်အင်အားမှာ (၁၄၇ ဒသမ ၇၆) မဂ္ဂါဝပ်ဖြစ်ပြီး နှစ်စဉ်ပျှမ်းမျှ ကီလိုဝပ်နာရီ သန်းပေါင်း(၁၀၂၀)သန်းကို နိုင်ငံတော်ဓာတ် အားစနစ်သို့ ၂၃၀ ကေဗွီ ဘဲလင်းပင်မဓာတ်အား ခွဲရုံမှတစ်ဆင့် ဓာတ်အားများ ချိတ်ဆက် ပို့လွှတ်ဖြန့်ဖြူးပေးလျက်ရှိသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် သပြေဝကျေးရွာအနီးရှိ Clean Power Energy Co.,Ltd ၏ သပြေဝ (၃၀)မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံသို့ ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီးက သပြေဝ နေရောင်ခြည် စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံနှင့် ၂၃၀ ကေဗွီ သပြေဝ ပင်မဓာတ်အားခွဲရုံအကြား ချိတ်ဆက်ထား သည့် ဗို့အားမြင့် ဓာတ်အားလိုင်း သတ်မှတ်နယ်နိမိတ်အတွင်း လူနေအိမ်များ၊ အဆောက် အဦများ၊ ကျူးကျော်များ ရှိမလာစေရေး ကန့်သတ်နယ်နိမိတ်ကို သိရှိလိုက်နာစေရေး ဆောင်ရွက် သွားရန်၊ ပြန်ပြည့်မြဲ စွမ်းအင်ဖြစ်သော နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစီမံကိန်းများသည် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံး ဖြစ်သည့်အတွက် ပိုမိုတိုးချဲ့ထုတ်လုပ်နိုင်ရေး စီစဉ် ဆောင်ရွက်သွားရန်၊ စက်ရုံဝန်းကျင်ရှိ ကျေးရွာများတွင် လူမှုရေးတာဝန်သိတတ်မှု (CSR) လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်ပေးသွားရန် မှာကြားပြီး ဓာတ်အား ထိန်းချုပ်ခန်းအတွင်း နေရောင်ခြည်စွမ်းအင်ကို အသုံးပြု၍ နိုင်ငံတော်ဓာတ် အား စနစ်နှင့် ချိတ်ဆက်၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးနေမှုနှင့် စက်ရုံဧရိယာအတွင်း Tracking System အသုံးပြုပြီး Solar Pannal များ တပ်ဆင်ထားမှု အခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။

မိတ္ထီလာ သပြေဝ(၃၀)မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံသည် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ် သပြေဝကျေးရွာအနီးတွင် Clean Power Energy (CPE) Co.,Ltd က BOO (Build Operate Own) စနစ်ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး  စက်တပ်ဆင်အင်အားမှာ (၃၀)မဂ္ဂါဝပ် ဖြစ်ကာ တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း (၇၀ ဒသမ ၅၉၉)သန်း ထုတ် လုပ်ပေး နိုင်မည်ဖြစ်ကြောင်း၊ ထွက်ရှိလာသော လျှပ်စစ်ဓာတ်အားများကို  33 KV Double Circuit Overhead Line ဖြင့် သပြေဝ ပင်မဓာတ်အားခွဲရုံမှတစ်ဆင့် နိုင်ငံတော်ဓာတ်အား စနစ်သို့ ချိတ်ဆက်ပို့လွှတ် ဖြန့်ဖြူးလျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်