နေပြည်တော် ဇန်နဝါရီ ၆

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း သည် ဌာနဆိုင်ရာ တာဝန် ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ လျှပ်စစ်အင်ဂျင်နီယာရုံး၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် ၆၆/၃၃/၁၁ကေဗွီ ၃၀ အမ်ဗွီအေ ရမည်းသင်းဓာတ်အားခွဲရုံ တည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေး ဦးစီးဌာနမှ အကောင်အထည်ဖော် တည်ဆောက်နေသည့် ၆၆/၃၃/၁၁ကေဗွီ ၃၀ အမ်ဗွီအေ ရမည်း သင်းဓာတ်အားခွဲရုံ တည်ဆောက်ရေး စီမံကိန်းသို့ရောက်ရှိရာ ရှင်းလင်းဆောင်တွင် တာဝန်ရှိသူများက ၆၆ ကေဗွီ ရွှေမြို့-ရမည်းသင်း ဓာတ်အားလိုင်းနှင့် ဆက်စပ်ဓာတ်အားခွဲရုံစီမံကိန်း လုပ်ငန်းဆောင်ရွက်ပြီးစီးနေမှုကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ယခုလိုပွင့်လင်းရာသီတွင် တောင်သူများမှာလည်း သီးနှံရိတ်သိမ်းကာလဖြစ်သည့်အလျောက် မြို့ပြလုပ်ငန်းများ ဖြစ်သောမြေကျင်းတူးဖော်ခြင်း၊ တိုင်ထောင်ခြင်းလုပ်ငန်းများနှင့် ကြိုး ဆွဲခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက်ဦးစားပေး ဆောင်ရွက်ထားရန်လိုအပ်ကြောင်း၊ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း လုပ်ငန်းများအလိုက် ပြီးစီးရမည့် အချိန်ဇယား များရေးဆွဲထားသည့်အတိုင်း သတ်မှတ်ချိန်ကာလအတွင်း ပြီးစီးနိုင်ရေး အဆင့်ဆင့်ကြပ် မတ် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ၊ စောင့်ကြပ်ကြည့်ရှုရေးအဖွဲ့များ ဖွဲ့စည်း၍ စစ်ဆေးကြပ် မတ်ဆောင်ရွက် သွားရန်လိုအပ်ကြောင်း မှာကြားခဲ့ပြီး စီမံကိန်းလုပ်ငန်းခွင်အတွင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ယခုတည်ဆောက်လျက်ရှိသည့် ၆၆/၃၃/၁၁ကေဗွီ ၃၀ အမ်ဗွီအေ ရမည်းသင်း ဓာတ်အားခွဲရုံ တည်ဆောက်ပြီးစီးပါက ရမည်းသင်းမြို့နယ်နှင့် ပျော်ဘွယ်မြို့နယ်အတွင်းရှိ ဓာတ်အားသုံးစွဲသူ ပြည်သူများအား ဗို့အားပြည့်ဝစွာ ဓာတ်အားဖြန့်ဖြူးပေးနိုင်မည့်အပြင် စက်မှုလက်မှုလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများသို့ ဓာတ်အားပိုမိုဖြန့်ဖြူးပေးသွားနိုင်မည် ဖြစ်ပြီး ယခုအချိန်တွင် စီမံကိန်း လုပ်ငန်းများ၏ ၉၀ ဒသမ၄ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီး စီးနေပြီဖြစ်ကာ ၂၀၂၄ ခုနှစ်အတွင်း စီမံကိန်းတစ်ခုလုံး ရာနှုန်းပြည့်ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရမည်းသင်းခရိုင်၊ လျှပ်စစ်အင်ဂျင်နီယာရုံးသို့ ရောက်ရှိပြီး တာဝန်ရှိသူများကလုပ်ငန်းဆောင်ရွက်နေမှုများ ကိုရှင်းလင်းတင် ပြရာ ပြည်ထောင်စုဝန်ကြီးက ပြည်သူလူထုထံသို့ ဓာတ်အားဖြန့်ဖြူးပေးပို့ရာတွင် ဗို့အားပြည့်ဝ တည်ငြိမ်ပြီး အရည်အသွေး ပြည့်ဝသည့် လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူးပေးပို့နိုင်ရေး၊ ဓာတ်အားစနစ်တည်ငြိမ် တိုးတက်ကောင်းမွန်စေရေး၊ ဓာတ်အားစဉ်ဆက် မပြတ်ဖြန့်ဖြူး ပေးနိုင်ရေးနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းစေရေး ဆောင်ရွက် သွားရန်လိုအပ်ကြောင်းမှာကြားပြီး ခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံးအတွင်း လုပ်ငန်းဆောင် ရွက်မှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်