နေပြည်တော်၊ မတ် ၂၃
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဒုတိယဝန်ကြီး ဦးအေးကျော် နှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့တွင် ဆောင်ရွက်လျက်ရှိသည့် ၂၃၀ ကေဗွီ ပျဉ်းမနား-နေပြည်တော် (၁) မဟာဓာတ်အားလိုင်း လိုင်းအူကြောင်း ပြောင်းရွှေ့တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် လုပ်ငန်းခွင်အတွင်း ဓာတ်အားလိုင်း အူကြောင်း ပြောင်းရွှေ့တည်ဆောက်ခြင်း လုပ်ငန်းများဆောင်ရွက်ရန် တာဝါတိုင်များစိုက်ထူပြီးစီးမှု၊ တိုင်ဆင်ခြင်းနှင့် ဓာတ်အားလိုင်း ကြိုးဆွဲခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ဓာတ်အားလိုင်း အဟောင်း ပြောင်းရွှေ့ခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် ၃၃ ကေဗွီဖွံ့ဖြိုးရေး (၁) ဓာတ်အားလိုင်း ပြောင်းရွှေ့တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းခွင်သုံးပစ္စည်းများ စံချိန်စံညွှန်းပြည့်မီစေရေး၊ လေလွင့်ဆုံးရှုံးမှု မရှိစေရေးနှင့် သတ်မှတ်ချိန်အတွင်း အချိန်မီပြီးစီးနိုင်ရေး အလေးထား ဆောင်ရွက်သွားရန် မှာကြားပြီး လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ အရာထမ်း/ အမှုထမ်းများ နေထိုင်သည့် ဝန်ထမ်းအိမ်ရာများ သန့်ရှင်းသာယာလှပရေးနှင့် တပိုင်တနိုင် စိုက်ပျိုးဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးပြီး စည်ပင်သာယာရေးကော်မတီမှ သတ်မှတ်ထားသော အိမ်ရာစည်းကမ်းများနှင့်အညီ တိကျစွာလိုက်နာနေထိုင်သွားရန်၊ ဝန်ထမ်းများ အချင်းချင်း စည်းလုံးညီညွတ်စွာနေထိုင်သွားကြရန် မှာကြားသည်။
ထို့နောက် ဒက္ခိဏသီရိမြို့နယ်ရှိ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ မီတာစမ်းသပ် စစ်ဆေးရေးဌာနသို့ ရောက်ရှိပြီး မီတာများ စမ်းသပ်စစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်မှု အဆင့်ဆင့်နှင့် ပစ္စည်းသိုလှောင်ရေးစတိုအတွင်း ထိန်းသိမ်းထားရှိသည့် ရုံးလုပ်ငန်းသုံး ပရိဘောဂပစ္စည်းများ၊ ဓာတ်အားလိုင်း/ ဓာတ်အားခွဲရုံသုံးပစ္စည်းများနှင့် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများဆောင်ရွက်ရန် လုပ်ငန်းသုံးပစ္စည်းများ ဖြန့်ခွဲနေရာချထားမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်