နေပြည်တော် ဩဂုတ် ၃

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ဒုတိယဝန်ကြီး ဦးအေးကျော် တို့သည် ယနေ့ နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံး၏ လုပ်ငန်းဆောင်ရွက်နေမှု၊ ဇေယျာသီရိမြို့နယ်နှင့် ပျဉ်းမနားမြို့ နယ်အတွင်းရှိ ၃၃/ ၁၁ ကေဗွီ ဓာတ်အားခွဲရုံများ၏ ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။ 
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ရုံးသို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လက်ရှိ ဓာတ်အားထုတ်လုပ်ရရှိမှုအပေါ် အခြေခံ၍ ပြည်သူလူထုထံသို့ ဓာတ်အားဖြန့်ဖြူးပေး လျက်ရှိသည့်အတွက် လေလွင့်ဆုံးရှုံး မှုမရှိစေရေး အကျိုးရှိရှိ ဖြန့်ဖြူးပေးသွားရန်နှင့် ဓာတ်အား ခများ အပြည့်အဝ ကောက်ခံရရှိရေး ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ မိမိတို့မြို့နယ်များ အတွင်း တရားမဝင် ဓာတ်အားရယူသုံး စွဲမှုများ မရှိစေရေးနှင့် ဓာတ်အားခကြွေးကျန်များ အပြည့်အဝရရှိရေး တာဝန်ရှိသူအ ဆင့်ဆင့်မှ စစ်ဆေးကြပ်မတ်သွားရန် လိုအပ်ကြောင်းမှာကြားပြီး မြို့နယ်လျှပ်စစ် အင်ဂျင်နီယာရုံးအတွင်း လုပ်ငန်းဆောင်ရွက်မှုအခြေအနေနှင့် ဝန်ထမ်းအိမ်ရာများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။ 
ထို့နောက် ဇေယျာသီရိမြို့နယ်နှင့် ပျဉ်းမနားမြို့နယ် အတွင်းရှိ ၃၃/ ၁၁ ကေဗွီ ဓာတ်အားခွဲရုံများသို့ရောက်ရှိပြီး ဓာတ်အားခွဲရုံများ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ဓာတ်အားပြတ်တောက်မှု လျော့နည်းကျဆင်းစေရေးအတွက် ဓာတ်အားခွဲရုံများတွင် နေ့စဉ်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအတိုင်း လိုက်နာဆောင်ရွက်သွားရန်နှင့် လုပ်ငန်းများဆောင်ရွက်စဉ် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းခွင်သုံး ဝတ်စုံများ ဝတ်ဆင်ဆောင်ရွက်သွားရန် မှာကြားပြီး ဓာတ်အားခွဲရုံများမှ မြို့တွင်းနှင့်အနီး ပတ်ဝန်းကျင်ကျေးရွာများသို့ ဓာတ်အားဖြန့်ဖြူးပေးထားမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။ 
ထို့နောက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ဆရာ ဒကာကျောင်းဖြစ်သော ပျဉ်းမနားမြို့နယ်၊ ရွာကောက်ရပ်ရှိ ပံ့သုကူကျောင်းတိုက်သို့ ရောက်ရှိပြီး ကျောင်းထိုင်ဆရာတော်နှင့် ဆရာတော်သံဃာတော်များအား ဖူးမျှော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်