နေပြည်တော် စက်တင်ဘာ ၉
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့ နယ်ရှိ ပေါင်းလောင်းရေထိန်းဆည်(Wier)တွင် Hydromatrix စနစ်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေး ဆောင်ရွက်မည့် ပေါင်းလောင်းဓာတ်အားပေးစက်ရုံ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နေမှု၊ ရေသိုလှောင်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပေါင်းလောင်း ရေထိန်းဆည်သို့ရောက်ရှိပြီး ပေါင်းလောင်းရေထိန်းဆည် အတွင်းရေဝင်ရောက်မှု၊ ရေထိန်းသိမ်းထားရှိမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပေါင်းလောင်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံသို့ရောက်ရှိရာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာဝင်းမြင့်က ဓာတ်အားပေးစက်ရုံဆိုင်ရာ အချက်အလက်များကို လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ပေါင်းလောင်းမြစ်ပေါ်ရှိ အဆင့်ဆင့်ရေအားလျှပ်စစ်စီမံကိန်းများမှ ဓာတ်အားထုတ်လုပ်နိုင်မှုနှင့် ပေါင်းလောင်း ရေလှောင်တမံမှ ရေပိုလွဲတွင်ဂိတ်တံခါးတပ်ဆင်၍ ရေထပ်မံစုဆောင်းနိုင်ပြီး လျှပ်စစ်ဓာတ်အား ပိုမိုထုတ်လုပ်နိုင်ရေး ဆောင်ရွက်ထားရှိမှုတို့ကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
တင်ပြမှုများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ဓာတ်အားပေးစက်(၄)လုံးကို အလှည့်ကျပြင်ဆင် နိုင်ရေး စက်အရံပစ္စည်းများအား ဘဏ္ဍာရေးနှစ်(၁)နှစ် ကြိုတင်လျာ ထား၍ ဝယ်ယူရေး ဆောင်ရွက်ထားရန်လိုအပ်ကြောင်း၊ Switch Yard တွင် ဖီဒါအရံ ဓာတ်အားလိုင်းမရှိသဖြင့် ပြင်ဆင်နိုင်ရေး ဆောင်ရွက်ရပါက လျှပ်စစ်ဓာတ်အား မပြတ် တောက်စေရေးအတွက် ဖီဒါအရံ ဓာတ်အားလိုင်း(၁)လိုင်းထားရှိနိုင်ရေး ကြိုတင်ပြင်ဆင် ထားရန်လိုအပ်ကြောင်း၊ ဓာတ်အားပေးစက်ရုံနှင့် ရေလှောင်တမံ၏ လုံခြုံရေးကို အမြဲဂရုပြု ဆောင်ရွက်ရန်နှင့် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းများနှင့် ပေါင်းစပ်ဆောင် ရွက်သွားရန် လိုအပ်ကြောင်း မှာကြားခဲ့ပြီး ဝန်ထမ်းများကို ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ချီးမြှင့်ထောက်ပံ့ငွေများ ပေးအပ်ကာ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဓာတ်အားပေးစက်ရုံရှိ ဓာတ်အား ထိန်းချုပ်ခန်းနှင့် တာဘိုင်စက်ခန်းများအတွင်း ဓာတ်အားပေးစက်များမောင်းနှင်၍ နိုင်ငံတော် ဓာတ်အားစနစ်သို့ချိတ်ဆက်ပြီး လျှပ်စစ်ဓာတ်အားများ ပို့လွှတ်ဖြန့်ဖြူးပေးနေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပေါင်းလောင်းရေလှောင်တမံသို့ ရောက်ရှိရာ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်ဇော်က ပေါင်းလောင်းတမံ ရေပိုလွှဲတွင် Hydraulic Elevator Dam (HED) တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်မည့်အစီအစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များမှာကြားပြီး ရေလှောင်တမံအတွင်း ရေဝင်ရောက်မှု၊ ရေသိုလှောင်ထားရှိမှု၊ ရေယူအဆောက်အအုံ၊ ရေပိုလွှဲတွင် ရေပိုမိုစုဆောင်းနိုင်ရန် ဂိတ်တံခါး တပ်ဆင်မည့် အခြေအနေနှင့် တမံ၏ကြံ့ခိုင်မှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်