မြစ်ကြီးနား ဇန်နဝါရီ ၁၃
ပူတာအိုမြို့၌ ရောက်ရှိနေသော လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ပူတာအိုမြို့ ခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံး၌ ကျင်းပသည့် ပူတာအိုခရိုင်အတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှုနှင့်စပ်လျဉ်း၍ တွေ့ဆုံညှိနှိုင်း ဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက်သည်။
တွေ့ဆုံစဉ် ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးခန့်ထက်နှင့် တာဝန်ရှိသူများက ခရိုင်အတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှု၊ ဖြန့်ဖြူးနိုင်မှု အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်မှာကြားသည်။
ထို့နောက် ပူတာအိုခရိုင်အတွင်းရှိ ခရိုင်၊ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာများ၊ မြို့နယ်လျှပ်စစ်မှူးများ၊ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီးက တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်း ဥပဒေအတိုင်း ထိန်းသိမ်းပြီး စည်းလုံးညီညွတ်စွာ မိသားစုစိတ်ဓာတ်ဖြင့် လုပ်ကိုင်ဆောင်ရွက်သွားကြရန်နှင့် လုံခြုံရေးအသိ၊ လုံခြုံရေးသတိရှိစွာဖြင့် ဂရုပြုနေထိုင်သွားကြရန် မှာကြားသည်
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်းများ၏ တွေ့ကြုံရသည့် အခက်အခဲများ၊ လိုအပ်ချက်များဆိုင်ရာ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး ခရိုင်အတွင်းရှိ အရာထမ်း၊ အမှုထမ်းများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


