နေပြည်တော်၊ စက်တင်ဘာ ၂၂

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မိုးသည်းထန်စွာ ရွာသွန်း၍ ရေကြီးရေလျှံမှုကြောင့် ပြိုလဲပျက်စီးသွားသည့် ၂၃၀ ကေဗွီ ရွှေမြို့-နေပြည်တော် (၂) ဓာတ်အားလိုင်း ပြန်လည်ပြုပြင်ခြင်း၊ ဓာတ်အားလိုင်းအူကြောင်းပြောင်းလဲ တည်ဆောက်ခြင်းလုပ်ငန်းနှင့် ၂၃၀ ကေဗွီ သာစည်-ရွှေမြို့ ဓာတ်အားလိုင်း ပြန်လည်ပြုပြင် တည်ဆောက်ခြင်း ဆောင်ရွက်နေမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ်အတွင်း ၂၃၀ ကေဗွီ ရွှေမြို့-နေပြည်တော် (၂) ဓာတ်အားလိုင်း တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်းခွင်သို့ ရောက်ရှိပြီး လုပ်ငန်းခွင်အတွင်း ဓာတ်အားလိုင်းများ စစ်ဆေး ပြုပြင်ခြင်းနှင့် ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဓာတ်အားလိုင်း အူကြောင်း ပြောင်းလဲတည်ဆောက်နိုင်ရန် တာဝါတိုင် ဖောင်းဒေးရှင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ ဓာတ်အားအမြန် ပို့လွှတ်နိုင်ရေး လုပ်ငန်းများ ဆောလျင်စွာပြီးစီးနိုင်ရေး လူအင်အား၊ ယာဉ်ယန္တရားအင်အားများနှင့် ဓာတ်အားလိုင်းသုံး ဆက်စပ်ပစ္စည်းများကိုစုဖွဲ့၍ အင်ပြည့်အားပြည့် အသုံးပြုပြီး အားလုံး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားရန်၊ ဓာတ်အားလိုင်းပျက်စီးမှုများမှ ပြန်လည်ပြုပြင် သုံးစွဲ၍ရသော ပစ္စည်းများကိုလည်း ပြုပြင်သုံးစွဲသွားရန်နှင့် ပြုပြင်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် လုပ်ငန်းပြီးစီးမှုများအား စနစ်တကျ မှတ်တမ်းတင်စာရင်းပြုစု ဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး လိုအပ်သည်များအား ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တပ်ကုန်းမြို့နယ်ရှိ ၂၃၀ ကေဗွီ သာစည်-ရွှေမြို့ ဓာတ်အားလိုင်း ပြန်လည်ပြုပြင်တည်ဆောက်ခြင်း ဆောင်ရွက်နေသည့် လုပ်ငန်းခွင်သို့ ရောက်ရှိပြီး  တာဝါသံဘောင်များ ပြန်လည်ပြုပြင်တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် တာဝါတိုင်များ စိုက်ထူရန် ဖောင်ဒေးရှင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားသည်။

အဆိုပါ ၂၃၀ ကေဗွီ ရွှေမြို့ - နေပြည်တော် (၂) ဓာတ်အားလိုင်းနှင့် ၂၃၀ ကေဗွီ သာစည်-ရွှေမြို့ ဓာတ်အားလိုင်း ပြန်လည်ပြုပြင်တည်ဆောက်ခြင်းနှင့် ဓာတ်အားလိုင်းအူကြောင်း ပြောင်းလဲတည်ဆောက်ခြင်းလုပ်ငန်းများ အမြန်ပြီးစီးနိုင်ရေးနှင့် ဓာတ်အားအမြန် ပို့လွှတ်ဖြန့်ဖြူး ပေးနိုင်ရေးအတွက်  လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ စီမံကိန်းမန်နေဂျာရုံးများနှင့် မဟာဓာတ်အားလိုင်းမှူးရုံးများမှ  အင်ဂျင်နီယာများ ဦးဆောင်၍ လျှပ်စစ်ကျွမ်းကျင် ဝန်ထမ်းများဖြင့် လုပ်ငန်းများ လျင်မြန်စွာ ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

သတင်းစဉ်