နေပြည်တော်   ဇွန်   ၁၈

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူ၊ အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်တင်တင်ရီတို့နှင့်အတူ ယနေ့ နံနက်ပိုင်းတွင်  ရှမ်းပြည်နယ်  ကလောမြို့နယ်ရှိ အားကစားကွင်း၊ အားကစားရုံများနှင့် Football for School အစီအစဉ်ဖြင့် သင်တန်းသား သင်တန်းသူများ လေ့ကျင့်နေမှုကို  လှည့်လည်ကြည့်ရှုသည်။

ဦးစွာ ရှမ်းပြည်နယ် ကလောမြို့နယ် အားကစားကွင်း၊ အားကစားရုံများအခြေအနေနှင့် တောင်ကြီး မြို့နယ်  ပြည်နယ်အားကစားကွင်း၌  Football for School အစီအစဉ်ဖြင့်  အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဘောလုံးအခြေခံသင်တန်းတွင် နည်းပြများက  သင်တန်းသား  သင်တန်း သူ ၃ဝဝ ကို အခြေခံဘောလုံးနည်းစနစ်များ စနစ်တကျလေ့ကျင့်သင်ကြားပေးနေမှုတို့ကို လှည့်လည်ကြည့်ရှုပြီး  လိုအပ်သည်များကို မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် ရှမ်းပြည်နယ်  တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပလျက်ရှိသည့် ၂၀၂၆ ခုနှစ် တိုင်းဒေသ ကြီးနှင့် ပြည်နယ် အသက် (၂၅)နှစ်အောက် ဘော်လီဘောအမျိုးသားပြိုင်ပွဲ အကြိုဗိုလ်လုပွဲစဉ်အဖြစ်  မွန်ပြည်နယ်အသင်းနှင့်  ချင်းပြည်နယ်အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားနေမှုကို  ကြည့်ရှုအားပေးသည်။

ယင်းနောက် အားကစားနှင့် ကာယပညာဦးစီးဌာနရုံး၌  အရာထမ်း၊ အမှုထမ်းများနှင့်  တွေ့ဆုံအမှာစကားပြောကြားပြီး ဝန်ထမ်းများအတွက် ထောက်ပံ့ပစ္စည်းများပေးအပ်ကာ   ဝန်ထမ်းများ၏ တင်ပြချက်များနှင့် အခက်အခဲများကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။  

သတင်းစဉ်