နေပြည်တော် နိုဝင်ဘာ ၁၂

 

ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၌ တည်ဆောက်ပူဇော်လျက် ရှိသည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးသို့ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှ ဝင်ရောက်နိုင် သည့်အဝင်လမ်း ကတ္တရာကွန်ကရစ်ခင်းနေမှုကို ကြည့်ရှု့စစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည် များမှာကြားသည် ။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကတ္တရာကွန်ကရစ်ခင်းနေမှု လက်တွေ့လေ့လာ နေသူများနှင့် တွေ့ဆုံပြီး ကတ္တရာကွန်ကရစ်ခင်းရာတွင် လမ်းအင်္ဂါရပ်နှင့်အညီ သတ်မှတ်စံချိန်စံ ညွှန်းပြည့်မီအောင် ဆောင်ရွက်ရန်လိုကြောင်း၊ စာတွေ့နှင့် လုပ်ငန်းခွင်မှ လက်တွေ့လုပ်ငန်းများကို ပေါင်းစပ်၍ အလေးထားဆောင်ရွက်ရန်လိုကြောင်း မှာကြားသည် ။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ စုဝေးခန်းမ၌ ၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ကျင်းပမည့် အားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ကြိုတင်လေ့ကျင့်နေသည့် အားကစားသမား များနှင့် တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး က ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် လွတ်လပ်ရေးနေ့သည် မြန်မာနိုင်ငံ၏ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ဖြစ်ကြောင်း၊ အဆိုပါ စိန်ရတု လွတ်လပ်ရေးပွဲကြီးကို ကြုံကြိုက်ဆင်နွှဲခွင့်ရခြင်းသည် အထူးအခွင့်အရေးဖြစ်ကြောင်း၊ လုပ်ငန်းတာဝန်များကို ထမ်းဆောင်နေသည့်အပြင်  စွမ်းဆောင်နိုင်သည့် အားကစားဖြင့်လည်း ဌာန ဂုဏ်ကို မြှင့်တင်ပေးရာရောက်ကြောင်းပြောကြားသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဆောက်လုပ်ရေးဝန်ကြီးဌာန အားကစားသမားများအား အာဟာရဖြည့်စွက်စာများထောက်ပံ့ပေးအပ်ပြီး အားကစားသမားများ၊ တာဝန်ရှိသူများနှင့်အတူ နေ့လယ်စာ အတူတကွ သုံးဆောင်ခဲ့ကြောင်း သိရသည်။ 

(သတင်းစဉ်)