နေပြည်တော် နိုဝင်ဘာ ၂၂

 

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်ရှိ အရိုးရောဂါအထူးကုဆေးရုံ တိုးချဲ့ (၅) ထပ်ဆောင် ဆောက်လုပ်ခြင်း လုပ်ငန်းခွင်သို့ ရောက်ရှိရာ အဆောက်အဦဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့က ဘဏ္ဍာရေးနှစ်အလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှုကို လုပ်ငန်း တစ်ခုချင်းအလိုက် ရှင်းလင်းတင်ပြသည်။

 

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ဆေးရုံတည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အရည်အသွေးနှင့် စံချိန်စံညွှန်းပြည့်မီရေး၊ လက်ရာသေသပ်ကောင်းမွန်ရေး၊ ရန်ပုံငွေလုပ်ငန်းများ အချိန်မီ ပြီးစီးရေး အထူးအလေးထား ဆောင်ရွက်ရန် လိုပါကြောင်း၊ ဆေးရုံ၏သတ်မှတ် အင်္ဂါရပ်များနှင့်အညီ ဆေးရုံ၏ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ရန် တာဝန်ရှိသူများအား မှာကြားသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဆေးရုံအုပ်ကြီး ဒေါက်တာရဲမြင့်အောင်ထံသို့ ဆေးရုံဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှူငွေကျပ် (၁၀) သိန်း ပေးအပ်လှူဒါန်းပြီး အဆောက်အဦ တည်ဆောက်ရေး လုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒလတံတားတည်ဆောက်ရေး လုပ်ငန်းခွင် (ရန်ကုန်ဘက်ကမ်း) သို့ ရောက်ရှိရာ ရှင်းလင်းဆောင်တွင် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက တံတားကြီး အချိန်မီပြီးစီးရေးအတွက် တည်ဆောက်ရေး လုပ်ငန်းပိုင်းတွင် တာဝန်ယူဆောင်ရွက်သော ကုမ္ပဏီများအနေဖြင့် လုပ်ငန်းစီမံချက်အတိုင်း  ဆောင်ရွက်ရန် လိုပါကြောင်း၊   ကိုဗစ်-၁၉  ရောဂါကြောင့်   တံတားတည်ဆောက်ရေး လုပ်ငန်းများ ကြံ့ကြာမှုအပေါ် ပြန်လည်ကုစားရေး အစီအစဉ်အရ  လုပ်ငန်းများ အခက်အခဲမရှိစေရေးနှင့် လုံခြုံရေးဆိုင်ရာတို့ကို သက်ဆိုင်ရာ အဖွဲ့အစည်းများဖြင့် ညှိနှိုင်းဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊ ယခု ဒလတံတားကြီးသည် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုအတွက် အရေးပါသကဲ့သို့  မြန်မာအင်ဂျင်နီယာများအတွက် နည်းပညာများ ဖလှယ် ခွင့်ရရှိမည်ဖြစ်ပါကြောင်း၊ တည်ဆောက်ရေး လုပ်ငန်းများ အောင်မြင်စွာပြီးစီးရေးအတွက်  အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရန်မှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်ဘက်ကမ်းချဉ်းကပ်တံတား လုပ်ငန်းများ ဆောင်ရွက်နေမှု၊ ရေလယ်ပင်မတံတား ဘိုးပိုင်လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဒလဘက်ကမ်း ချဉ်းကပ်တံတားလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့ (၁) မှ တာဝန်ခံ ညွန်ကြားရေးမှူး ဦးကျော်စွာထွန်းက တွံတေးတူးမြောင်းကို ဖြတ်ကျော်တည်ဆောက်မည့် အရှည် (၂၄၂၈) ပေ ဆိပ်ကြီးခနောင်တိုတံတား ဘိုးပိုင်တူးခြင်း လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း အစီအစဉ်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊  လမ်းဦးစီးဌာနမှ  ဆောင်ရွက်သော တွံတေး  - ဒလ လမ်းအပိုင်း  လုပ်ငန်းခွင်သို့ ရောက်ရှိရာ  ယာယီလမ်း စခန်းရှင်းလင်းဆောင်တွင် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်နိုင်က ဒလမြို့ဖွံ့ဖြိုးမှု အခြေအနေကို ရှင်းလင်းတင်ပြပြီး ရန်ကုန်တိုင်းဒေသကြီး၊ လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးထင်ကျော်က တောင်ပိုင်းခရိုင်အတွင်းရှိ လမ်းများအား ဘဏ္ဍာရေး နှစ်အလိုက် (၂၄) ပေအကျယ် ကွန်ကရစ်လမ်းအဖြစ် အပိုင်းလိုက် အဆင့်မြှင့်တင်ခြင်းနှင့် အရည်အသွေး ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များ မှာကြားပြီး တွံတေး - ဒလ လမ်းအပိုင်းအား (၂၄) ပေ အကျယ် ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား တံတားဦးစီးဌာန၊ တံတားပြင်ဆင် ထိန်းသိမ်းရေးအဖွဲ့မှ အင်ဂျင်နီယာချုပ်နှင့် တာဝန်ရှိသူများက တွံ‌တေးကြိုးတံတား ကြံ့ခိုင်ရေးအတွက် ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများ  ဆောင်ရွက်ထားရှိမှုကိုလည်းကောင်း၊ ပန်းလှိုင်တံတားကြံ့ခိုင်မှုနှင့် တံတားဧရိယာအတွင်း ရှင်းလင်းနေမှုတို့ကိုလည်းကောင်း ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက တံတားကြီးများ ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်ပူးပေါင်း၍ ကြံ့ခိုင်မှုအပိုင်း အမြဲမပြတ် စနစ်တကျ စစ်ဆေးထိန်းသိမ်းပေးရန် တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်