နေပြည်တော် နိုဝင်ဘာ ၁၅
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ အမရပူရမြို့နယ်၊ တောင်သမန်အင်းနေရာဝန်းကျင်တွင် တောင်သမန်သစ္စာ ကျေးလက်အပန်းဖြေ စီမံကိန်း အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမဆောင်၌ ကိုဗစ် - ၁၉ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
အစည်းအဝေးတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးက ယနေ့ အစည်းအဝေးသည် တောင်သမန်သစ္စာ ကျေးလက်ခရီးသွား အပန်းဖြေစီမံကိန်းနှင့်စပ်လျဉ်းပြီး ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ဦးဆောင်၍ သက်ဆိုင်ရာဌာနများနှင့် ဆွေးနွေးသဘောထား ရယူရန်နှင့် ဆွေးနွေးပြီး ဆောင်ရွက်မည့် အစီအမံများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ ပြန်လည်တင်ပြရန်အတွက် ဆွေးနွေးသည့် အစည်းအဝေးဖြစ်ကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ လမ်းညွှန်မှုအရ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ၊ မန္တလေး မြို့တော်ဝန်၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ တောင်သမန်သစ္စာကျေးလက်ခရီးသွား အပန်းဖြေစီမံကိန်း ဧရိယာသို့ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး စီမံကိန်းလေ့လာ ဆန်းစစ်ချက် အစီရင်ခံစာအား တင်ပြခဲ့ကြောင်း။
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနအနေဖြင့် စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်သည့် ကာလတစ်လျှောက်လုံး စီမံကိန်းအရည်အသွေးကို ထိန်းသိမ်းနိုင်ရန် သက်ဆိုင်ရာဌာနများက စဉ်ဆက်မပြတ် စောင့်ကြည့်ရန်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် သဘာဝပတ်ဝန်းကျင်နှင့် သမိုင်းဝင်အဆောက်အအုံများ၊ သဘာဝရှုမျှော်ခင်းများ ပျက်စီးမှုမရှိစေရန် ကျွမ်းကျင်ပညာရှင်များ ပါဝင်သောအဖွဲ့ ဖွဲ့စည်း စစ်ဆေးရန်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် လယ်ယာမြေ အခြားနည်း အသုံးပြုခွင့် လျှောက်ထားမှုအား ခွင့်ပြုခြင်းကို လယ်ယာမြေဥပဒေ၊ နည်းဥပဒေ၊ မူဝါဒများ၊ လေ့လာဆန်းစစ်ချက် အစီရင်ခံစာတွင် အကြံပြုတင်ပြထားချက်များနှင့်အညီ ဆောင်ရွက်သင့်ပါကြောင်း။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနအနေဖြင့် တောင်သမန်အင်း သဘာဝဂေဟစနစ်နှင့် ယဉ်ကျေးမှုအမွေအနှစ်များ ရေရှည်တည်တံ့စေရေးအတွက် ပတ်ဝန်းကျင် ဆိုင်ရာ အစီအမံများကို ပေါင်းစပ်အကောင်အထည်ဖော်နိုင်ရေး ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း အစီရင်ခံစာ (EIA) ကို ကျွမ်းကျင်ပညာရှင်များ ရေးသားပြုစု တင်ပြအတည်ပြုချက်ရယူရန်နှင့် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနအနေဖြင့် စီမံကိန်းဆိုင်ရာမြေ အသုံးချမှုကို သက်ဆိုင်ရာ ဥပဒေ၊ လုပ်ထုံး၊ လုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ တင်ပြခွင့်ပြုချက် ရယူဆောင်ရွက်ရန်၊ စီမံကိန်းနယ်မြေသည် သဘာဝအတိုင်း တည်ရှိနေသော တောင်သမန်အင်း၊ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဖြစ်သော ဦးပိန်တံတားအပြင် လူနေဧရိယာများနှင့်ပါ ထိစပ်လျက်ရှိသဖြင့် EIA၊ SIA၊ HIA ဆန်းစစ်ချက်အတိုင်း တိကျစွာ လိုက်နာဆောင်ရွက်သင့်ပါကြောင်း။
ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တောင်သမန်သစ္စာ အပန်းဖြေစခန်း စီမံကန်းဧရိယာနှင့် ပတ်သက်၍ လေ့လာဆန်းစစ်ခဲ့ရာ မိမိတို့ဝန်ကြီးဌာနနှင့် JICA တို့ ပူးပေါင်းရေးဆွဲထားသော Urban Development Plan for Mandalay – 2040 ၏ Cultural and Tourism Zone တွင် ပါဝင်ပြီး လက်ရှိမြေအသုံးချမှုအရ ကိုက်ညီမှုရှိသော အပန်းဖြေစခန်း (Resort) တစ်ခုဖြစ်ပါကြောင်း။
ယနေ့ အစည်းအဝေးတွင် တောင်သမန်သစ္စာ ကုမ္ပဏီအနေနှင့် စီမံကိန်းနှင့်ပတ်သက်ပြီး ဆက်လက် အကောင်အထည်ဖော်သွားမည့် အစီအမံများကို အသေးစိတ် ရှင်းပြရန်နှင့်၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့် သဘောထားများနှင့် ထပ်မံမှတ်ချက်ပြုလိုသည်များရှိပါက ပွင့်လင်းစွာ အကြံပြု ဆွေးနွေးပေးစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် တောင်သမန်သစ္စာကုမ္ပဏီမှ တာဝန်ရှိသူက တောင်သမန်သစ္စာကျေးလက် ခရီးသွား အပန်းဖြေ စီမံကိန်းလုပ်ငန်း ဆောင်ရွက်နေမှု၊ ဆောင်ရွက်ပြီးစီးမှုနှင့် စီမံကိန်းလုပ်ငန်း ပြီးစီးပါက တွေ့မြင်ရမည့် အခြေအနေတို့ကို Video Clip ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသည့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများက တောင်သမန်သစ္စာ ကျေးလက်ခရီးသွား အပန်းဖြေစီမံကိန်း အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးနှင့် ပတ်သက်၍ သက်ဆိုင်ရာ ကဏ္ဍအလိုက် အကြံပြု ဆွေးနွေးတင်ပြကြရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးမျိုးအောင်က စီမံကိန်းလုပ်ငန်းများ အခြေအနေနှင့် ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းအစီစဉ်များနှင့်ပတ်သက်၍ အကြံပြုဖြည့်စွက် ဆွေးနွေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက စီမံကိန်းလုပ်ငန်းများ အောင်မြင်အောင် ဆက်လက်အကောင်အထည်ဖော်နိုင်ရေးအတွက် MIC ဥပဒေများကို အလေးထား လိုက်နာရန်နှင့် ဝန်ကြီးဌာနများမှ ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာဆောင်ရွက်ကြရန်တို့ကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


