နေပြည်တော် နိုဝင်ဘာ ၂၉
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် နိုဝင်ဘာ ၂၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်သော တိုက်ကြီးမြို့နယ် အတွင်း အရှည် (၂) မိုင် တာဂွ - ဂုံညင်းတန်း - ရှောက်ပင်ကပ် - ကုလားစု - ဗမာစု လမ်းကွန်ကရစ် ခင်းပြီးစီးမှုကို ကြည့်ရှုစစ်ဆေးသည်။
ထိုသို့စစ်ဆေးစဉ် လမ်းစခန်းယာယီ ရှင်းလင်းဆောင်တွင် ညွှန်ကြားရေးမှူး ဉီးသက်ဇော်က Top Royal Star Trading ကုမ္ပဏီမှ လုပ်ငန်းဆောင်ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြရာ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝဏ္ဏဇော်က ဖြည့်စွက်ရှင်းလင်း တင်ပြသည်။
တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ကွန်ကရစ်အရည်အသွေး ကောင်းမွန်သကဲ့သို့ လမ်းတစ်လျှောက်လုံးရှိ လမ်းပုခုံးများ ကောင်းမွန်ရေးဆောင်ရွက်ရန်၊ မှော်ဘီမြို့နယ်နှင့် ဆက်စပ်သည့် ကွန်ကရစ်လမ်းဆုံးနေရာရှိ ရထားလမ်းကျော်အပိုင်းကို ဒေသခံပြည်သူများ သွားလာရေး လွယ်ကူအဆင်ပြေစေရန် မြန်မာ့မီးရထားမှ ခွင့်ပြုပေးနိုင်သည့် အမာခံလမ်းအဆင့် ဆက်လက်ဆောင်ရွက်ပေးရန် တာဝန်ရှိသူများကို မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) မှ ညွှန်ကြားရေးမှူး ဉီးခိုင်ဇော်ဝင်းက လှိုင်မြစ် - လှော်ကား ရေအားဖြည့် စီမံကိန်းလုပ်ငန်း ဆောင်ရွက်မှု၊ စီမံကိန်းတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနပိုင် မှော်ဘီမြို့တွင်းလမ်းအောက်မှ ရေပိုက်လိုင်း သွယ်တန်းမှုတို့ကို ရှင်းလင်း တင်ပြသည်။
တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက လှိုင်မြစ် - လှော်ကား ရေအားဖြည့် စီမံကိန်း လုပ်ငန်းများနှင့်ပတ်သက်၍ သိရှိလိုသည်များ မေးမြန်းပြီး ကားလမ်းအောက် မြှုပ်နှံရမည့် ရေပိုက်လိုင်းကို တစ်ကြိမ်တည်းဖြင့် ရေရှည်တည်တံ့ ခိုင်မြဲအောင် ဆောင်ရွက်ရန်၊ တာဝန်ရှိသူများ ကို မှာကြားပြီး ရေတွန်းပို့ကန် တည်ဆောက်ရေး လုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန် - ပြည်လမ်းပိုင်း မှော်ဘီမြို့အတွင်းရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ လမ်းဉီးစီးဌာနပိုင်လမ်းဧရိယာတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ ၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)မှ မြေအောက်အနက် (၁၀) ပေတူး၍ ၅’ ပေအချင်းရှိ ရေပိုက်လိုင်း သွယ်တန်းထားရှိမှု၊ ရေပိုက်တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေမှု၊ ပိုက်မြှုပ်ရန် စက်ယန္တရားဖြင့် ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ရေပိုက်လိုင်းပေါ်တွင် ပြန်ခင်းသည့် လမ်းဒီဇိုင်းအား ခံနိုင်ဝန်ရှိစေရန် လမ်းသုတေသန ညွှန်ကြားရေးမှူးကိုယ်တိုင် ဦးဆောင်ကွင်းဆင်း၍ စနစ်တကျ တွက်ချက်ပြီး နှစ်ဖက်အဖွဲ့များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရန်၊ အများပြည်သူ ဘေးအန္တရာယ် ကင်းရှင်းစွာ ဆောင်ရွက်နိုင်ရေး B.O.T ကုမ္ပဏီမှလည်း အလေးထား ဆောင်ရွက်ရန် တာဝန်ရှိသူများကို မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်း ခရိုင်၊ လမ်းဉီးစီးဌာနမှ အမှတ် (၄) လမ်းမကြီး ပြုပြင်ထိန်းသိမ်းထားရှိမှု အခြေအနေတို့ကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန် - နေပြည်တော် - မန္တလေး အမြန်လမ်းမကြီး (ရန်ကုန် - နေပြည်တော်) အပိုင်း လမ်းဘေး ဝဲ / ယာတွင် သစ်ပင်များ ရှင်သန် ဖြစ်ထွန်းနေမှု၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် စက်ယန္တရားများဖြင့် မြေညှိခြင်းနှင့် ချုံနွယ်များ ရှင်းလင်းထားရှိမှုကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်