နေပြည်တော် ဒီဇင်ဘာ ၃       

 

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ဒုတိယ ဝန်ကြီးနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့ နယ်နှင့် လယ်ဝေးမြို့နယ်အတွင်းရှိ လျှပ်စစ်ဓာတ်အား တိုးတက်ထုတ်ယူရရှိနိုင်ရန် အသေးစားရေအား လျှပ်စစ်နှင့် အခြားလျှပ်စစ်ဓာတ်အားပေးစက်ရုံများ တည်ဆောက်နိုင်မည့် နေရာများသို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပေါင်းလောင်းရေလွှဲဆည်နှင့် အောက်ဘက် နေရာ(၂)ခုတွင် အသေးစားရေအားလျှပ်စစ်ဖြစ်မြောက်နိုင်မည့် အခြေအနေကို ကြည့်ရှုစစ် ဆေးပြီး ပေါင်းလောင်းချောင်း၏ အရှေ့ဘက်ခြမ်းတွင် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံနှင့် အခြားလျှပ်စစ်ဓာတ်အားပေး စက်ရုံများ တည်ဆောက်ရန် သင့်တော်မည့်နေရာများကို ကြည့်ရှုစစ်ဆေးရာ  တာဝန်ရှိသူများက မြေနေရာ အကျယ်အဝန်း၊ ဖြစ်မြောက်နိုင်စွမ်း၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် ဆန်းစစ်မှုတို့နှင့်ပတ်သက်၍  ရှင်းလင်းတင်ပြကြ သည်။

 

ထို့နောက် လယ်ဝေးမြို့နယ်ရှိ သဲဖြူရေလှောင်တမံနှင့် ချောင်းမငယ်ရေလှောင်တမံများသို့ သွားရောက်၍ ရေပေါ်နေရောင်ခြည်စွမ်းအင်သုံးစနစ်များ ဖြစ်မြောက်နိုင်စွမ်းကိုလည်းကောင်း၊ အခြားလျှပ်စစ်ဓာတ်အားပေး စက်ရုံများတည်ဆောက်ရန် သင့်တော်မည့်နေရာများကို လည်းကောင်း ကြည့်ရှုစစ်ဆေးသည်။

 

ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်ဓာတ်အား ရရှိမှုသည် အဓိကကျသည့်အတွက် မိမိတို့ဝန်ကြီးဌာနအနေဖြင့် နိုင်ငံ၏သဘာဝအရင်း အမြစ်များ ရရှိမှုအပေါ်အ​ခြေခံ၍ သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်ကို ထိခိုက်မှုအနည်း ဆုံးဖြစ်စေမည့်   လျှပ်စစ်ဓာတ်အား ထုတ်ယူရရှိနိုင်သည့် စီမံကိန်းအသစ်များကို စဉ်ဆက်မပြတ်အကောင် အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ သို့မှသာ နိုင်ငံတော်၏ နှစ်စဉ်တိုးတက် သုံးစွဲလာမည့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်များကို အချိန်မီဖြည့်ဆည်းဆောင်ရွက် ပေးနိုင်မည်ဖြစ်ကြောင်း၊ လျှပ်စစ်မီးရရှိလာပါက စီးပွားရေးလုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည့်အပြင် ဒေသခံပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းများလည်းရရှိလာပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာ တွင်လည်း မိမိတို့ဝန်ထမ်းများက ပြည်သူလူထုကို သဘာဝပတ်ဝန်းကျင် ထိခိုက်နစ်နာမှု အနည်းဆုံးဖြစ်အောင် ဆောင်ရွက်နေသည်ကို နားလည်သဘောပေါက်အောင် ရှင်းလင်းတင်ပြရန်နှင့် မိမိတို့ဆောင်ရွက် ချက်များအပေါ် ပြည်သူလူထုက နားလည်သဘောပေါက်၍ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရေး စည်းရုံး ပြောဆိုကြရန်  မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)