နေပြည်တော် ဧပြီ ၂၈
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် မကွေးတိုင်းဒေသကြီး၊ သယံဇာတ ရေးရာဝန်ကြီး ဦးစိုင်းမြင့်အေးနှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီး ဌာနတို့မှ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ ရုံးဆိပ်ကျေးရွာအနီးနှင့် ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ထုံးဘိုမြို့အနီးရှိ ဧရာဝတီမြစ်၏ ရေအရင်းအမြစ်နှင့် မြစ်ရေလမ်းကြောင်း အခြေအနေတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အောင်လံမြို့နယ်၊ ရုံးဆိပ်ကျေးရွာအနီး ဧရာဝတီမြစ်၏ ရေအရင်းအမြစ်နေရာသို့ ရောက်ရှိရာ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်နှင့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး တိုင်းဦးစီးမှူးတို့က ဧရာဝတီမြစ်ဝှမ်းဆိုင်ရာ အချက်အလက်များ၊ ဧရာဝတီမြစ်၏ ရေလမ်းကြောင်း အခြေအနေ၊ ရေမျက်နှာပြင် အနိမ့်အမြင့် ကွာခြားချက်အခြေအနေ၊ မြစ်ရေစီးနှုန်းနှင့် မြစ်ရေထုထည် စီးနှုန်းအခြေအနေတို့ကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဧရာဝတီမြစ်အတွင်း ဧရာဝတီမြစ်၏ မြစ်ရေစီးဆင်း နေမှုအခြေအနေ၊ မြစ်ကြောင်းအတွင်း အနည်ပို့ချနှုန်းနှင့် သောင်ထွန်းနိုင်မှု အခြေအနေ၊ ရေကြောင်း သွားလာမှုအခြေအနေနှင့် မြစ်ကမ်းပါး ဝဲ/ယာ မြေမျက်နှာ သွင်ပြင်အခြေအနေတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ထုံးဘိုမြို့အနီးရှိ ဧရာဝတီမြစ်၏ ရေအရင်းအမြစ်နေရာသို့ ရောက်ရှိရာ ရေအား လျှပ်စစ်အကောင် အထည်ဖော်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဟိန်းထက်နှင့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး တိုင်းဦးစီးမှူး ဦးမောင်မောင်နိုင်တို့က သူရဲတန်း-ထုံးဘို မြစ်ရေလမ်းကြောင်းအခြေအနေ၊ ဒေသ၌ နွေရာသီရေစစ်မျဉ်းနှင့် အမြင့်ဆုံးတက်ရောက် သည့် ရေမျက်နှာပြင် ကွာခြားချက်မှာ (၄၅)ပေခန့် ဖြစ်ပေါ်ခဲ့သည့်အခြေအနေ၊ သူရဲတန်း-ထုံးဘို ရေလမ်း ကြောင်း၌ အကောက်တောင်ဘက်ခြမ်းတွင် အနက် (၂၀) မီတာခန့်ရှိသည့်အခြေအနေနှင့် နွေရာသီ ကာလတွင် မြင်တွေ့ရသည့် သဲသောင်ခုံများမှာ မိုးရာသီကာလတွင် ရေဖုံးလွှမ်းလေ့ရှိသည့် အခြေအနေ တို့ကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဧရာဝတီမြစ်ရေစီးဆင်းနေမှု အခြေအနေ၊ အနည်ပို့ချ နှုန်းနှင့် သောင်ထွန်းနေသည့်အခြေအနေ၊ ကျောက်ထုတ်ယူရရှိနိုင်မှု အခြေအနေနှင့် မြစ်ကမ်းပါး မြေမျက်နှာသွင်ပြင်အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။
(သတင်းစဉ်)