နေပြည်တော် အောက်တိုဘာ ၂၃

 

ရှမ်းပြည်နယ် (တောင်ပိုင်း) ကျိုင်းတောင်းမြို့၏ အနောက်တောင်ဘက် (၁၄) မိုင်ခန့်အကွာ၊ နမ့်တိန်ချောင်းပေါ်တွင် ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန၊ အမှတ် (၅) တည်ဆောက်ရေးမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အထက်ကျိုင်းတောင်း ရေအားလျှပ်စစ် စီမံကိန်းသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် အောက်တိုဘာ ၂၃ ရက်တွင် သွားရောက်ကြည့်ရှု စစ်ဆေးသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား စီမံကိန်း ရှင်းလင်းဆောင်တွင် ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဟိန်းထက်နှင့် အမှတ် (၅) တည်ဆောက်ရေး ညွှန်ကြားရေးမှူးတို့က စီမံကိန်းဆိုင်ရာ အချက်အလက်များ၊ စီမံကိန်း၏ အဓိကလုပ်ငန်းကြီးများဖြစ်သည့် ရေလွှဲရေထုတ်ပြွန်၊ ပင်မတမံ၊ ပင်မရေပိုလွှဲ၊ ရေယူအဆောက်အအုံ၊ ရေသွယ်ဥမင်လိုဏ်၊ ရေထိန်းတံခါးပြွန်၊ ဖိအားမြင့် သံမဏိပိုက်လိုင်းနှင့် ဓာတ်အားပေးစက်ရုံ လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ဘဏ္ဍာရေးနှစ်အလိုက် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများကိုလည်းကောင်း၊ တည်ဆောက်ပြီးဖြစ်သည့် ကျိုင်းတောင်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံမှ လျှပ်စစ်ဓာတ်အား (၅၄) မဂ္ဂါဝပ် ထုတ်လုပ်နေမှုကိုလည်ကောင်း ရှင်းလင်းတင်ပြကြသည်။

 

mdn

 

ရှင်းလင်းတင်ပြမှုများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်ဓာတ်အားရရှိမှုသည် အဓိကကျသည့်အတွက် မိမိတို့ဝန်ကြီးဌာနအနေဖြင့် နိုင်ငံ၏ သဘာဝအရင်းအမြစ်များရရှိမှုအပေါ် အခြေခံ၍ စီးပွားရေးအရ တွက်ချေကိုက်ပြီး သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်ကို ထိခိုက်မှုအနည်းဆုံး ဖြစ်စေမည့် ရေအားလျှပ်စစ်မှ လျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်မည့် စီမံကိန်းအသစ်များကို စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ သို့မှသာ နိုင်ငံတော်၏ နှစ်စဉ်တိုးတက်သုံးစွဲလာမည့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်များကို အချိန်မီဖြည့် ဆည်းဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ လျှပ်စစ်မီးရရှိလာပါက စီးပွားရေးလုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည့်အပြင် ဒေသခံ ပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းများလည်း ရရှိလာပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း မိမိတို့ဝန်ထမ်းများက ပြည်သူလူထုကို သဘာဝပတ်ဝန်းကျင် ထိခိုက်နစ်နာမှု အနည်းဆုံးဖြစ်အောင် ဆောင်ရွက်နေသည်ကို နားလည်သဘောပေါက်အောင် ရှင်းလင်းတင်ပြရန်နှင့် မိမိတို့ ဆောင်ရွက်ချက်များအပေါ် ပြည်သူလူထုမှ နားလည်သဘောပေါက်၍ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရေး စည်းရုံးပြောဆိုကြရန် လိုအပ်ကြောင်း၊ ပြည်သူများ လျှပ်စစ်ဓာတ်အားကို အမြန်ဆုံးရရှိသုံးစွဲနိုင်စေရေးအတွက် စီမံကိန်းအား ဆောလျင်စွာ ပြီးစီးရေးကို အားလုံးဝိုင်းဝန်း ကြိုးပမ်း၍ အားသွန်ခွန်စိုက် တွန်းအားပေးဆောင်ရွက်သွားကြရန် မှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စီမံကိန်းလုပ်ငန်းခွင်အတွင်း ပင်မတမံ တည်ဆောက်ခြင်း ပြီးစီးနေမှု၊ ပင်မရေပိုလွှဲလုပ်ငန်း တည်ဆောက်ခြင်းဆောင်ရွက်မှု၊ ရေယူအဆောက်အအုံ ကျောက်သားနံရံ ခိုင်ခန့်မှုလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု၊ ရေထိန်း တံခါးပြွန် တည်ဆောက်ပြီးစီးနေမှု အခြေအနေ၊ ရေသွယ် ဥမင်လိုဏ်၊ ရေထိန်းတံခါးပြွန်နှင့် ဖိအားမြင့်သံမဏိပိုက်လိုင်း Structure ကွန်ကရစ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးနေနှင့် ဓာတ်အားပေးစက်ရုံ တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

mdn

 

အဆိုပါ အထက်ကျိုင်းတောင်းရေအားလျှပ်စစ် စီမံကိန်း၏ ပင်မရေလှောင်တမံမှာ အလျား (၁၈၀၀) ပေ အမြင့် (၂၃၀) ပေရှိ ဇုန်အမျိုးအစား ကျောက်ဖြည့်တမံဖြစ်ပြီး ကန်ရေပြည့် ရေသိုလှောင်ပမာဏမှာ (၁၀၄၀၀၀) ဧကပေရှိကာ စက်တပ်ဆင်အင်အား (၁၇) မဂ္ဂါဝပ်ရှိ စက်သုံးလုံးဖြင့် စုစုပေါင်း စက်တပ်ဆင်အင်အား (၅၁) မဂ္ဂါဝပ်မှ နှစ်စဉ်ပျမ်းမျှ လျှပ်စစ်ဓာတ်အားကီလိုဝပ် နာရီသန်းပေါင်း (၂၆၇) သန်း ထုတ်လုပ်ပေးနိုင်မည့် ဒေသအကျိုးပြု စီမံကိန်းတစ်ခုဖြစ်ပြီး ယခုအခါ စီမံကိန်းတစ်ခုလုံး၏ (၇၂ ဒသမ၂၀) ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ကုန်ဆုံးပါက (၇၆ဒသမ၅၇) ရာခိုင်နှုန်းခန့် ပြီးစီးမည်ဖြစ်ကာ စီမံကိန်းတစ်ခုလုံးအနေဖြင့် ၂၀၂၅ ခုနှစ်၊ မတ်လတွင် ပြီးစီးမည်ဖြစ်သည်။

 

အဆိုပါအထက်ကျိုင်းတောင်းရေအားလျှပ်စစ်စီမံကိန်းမှ ထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အားများနှင့် လက်ရှိကျိုင်းတောင်း ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံမှ ထွက်ရှိလာသည့် လျှပ်စစ်ဓာတ်အားများကို ၂၃၀ ကေဗွီ မဟာဓာတ်အားလိုင်းဖြင့် နမ့်စန်ပင်မဓာတ်အားခွဲရုံသို့ ချိတ်ဆက်ပို့လွှတ်၍ နိုင်ငံတော် ဓာတ်အားစနစ်မှ ဖြန့်ဖြူးပေးနိုင်ရန် ရည်ရွယ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်