မြစ်ကြီးနား၊ ဇန်နဝါရီ ၉

 

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ ယနေ့ မွန်းလွဲ ၁ နာရီတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာရုံးတွင် ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှုနှင့် ပတ်သက်၍ ပြည်နယ်အတွင်းရှိ အရာထမ်း၊ အမှုထမ်းများနှင့် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

 

အဆိုပါ တွေ့ဆုံညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်သယံဇာတ ရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ကချင်ပြည်နယ်အတွင်းရှိ ပြည်နယ်/ ခရိုင်/ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာများ၊ မြို့နယ်လျှပ်စစ်မှူးများ၊ လျှပ်စစ်ဓာတ်အား ခွဲရုံမှူးများ၊ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန၊ အမှတ် (၂) တည်ဆောက်ရေး၊ လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) (၄) ရုံးမှ ဝန်ထမ်းများ၊ ချီဖွေငယ် ရေအားလျှပ်စစ်စက်ရုံမှူး၊ မဟာဓာတ်အားလိုင်းမှူး (ဝိုင်းမော်)၊ ဝိုင်းမော်ပင်မ ဓာတ်အားခွဲရုံမှူးနှင့် ဝန်ထမ်းများတက်ရောက် ခဲ့ကြသည်။

 

ရှေးဦးစွာ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာက ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှု၊ ဓာတ်အား ပျောက်ဆုံးမှုနှင့် ဓာတ်အားပြတ်တောက်မှု လျော့နည်းကျဆင်းစေရေး ဆောင်ရွက်ထားရှိမှု၊ ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်သွားမည့် လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြသည်။

 

ရှင်းလင်းတင်ပြမှုများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်မီး ရရှိရေးသည် အဓိကကျသဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝများ မြင့်မားတိုးတက်လာစေရန် လိုအပ်နေသည့် လျှပ်စစ်ဓာတ်အားကို တိုးတက်ထုတ်လုပ်ပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ တစ်ဖက်တွင်လည်း NUG လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများမှ ဖျက်ဆီးထားသော လျှပ်စစ်ဓာတ်အား လိုင်းများကိုလည်း ပြုပြင်ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်လျှက်ရှိပါကြောင်း၊ ယခုကာလမှစတင်၍ လာမည့်‌နွေရာသီ ကာလအထိ လျှပ်စစ်ဓာတ်အားကို စဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်ရေး ဆည်များသို့ ဝင်ရောက်နေသည့် ရေများကို စနစ်တကျသိုလှောင်၍ ထိန်းသိမ်းမောင်းနှင် ပေးလျက်ရှိပါကြောင်း၊ ယခုအချိန်ကာလတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုနှင့် သုံးစွဲမှုမမျှတသည့်အတွက် ခွဲဝေရရှိသည့် ဓာတ်အားကို မျှတစွာခွဲဝေဖြန့်ဖြူးသွားရန် လိုအပ်ပါကြောင်း၊ မီးသုံးစွဲသူ ပြည်သူများမှ မိမိတို့ရရှိသည့် အချိန်ကို ကြိုတင်သိရှိ ပြင်ဆင်နိုင်ရန် ကျယ်ကျယ်ပြန့်ပြန့် ကြိုတင်အသိပေး ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ဓာတ်အားပျောက်ဆုံးမှုနှင့် ဓာတ်အားပြတ်တောက်မှု လျော့နည်းကျဆင်းရေး၊ လျှပ်စစ်ဓာတ်အားခ ကျသင့်ငွေများ အပြည့်အဝ ကောက်ခံရရှိစေရေး ပြည်နယ်/ ခရိုင်/ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာများ၊ ဘဏ္ဍာရေးတာဝန်ခံများ မှ ဆောင်ရွက်သွားရန်နှင့် မီတာဖတ်ခြင်း၊ မီတာဘေလ်ဝေခြင်းနှင့် ဓာတ်အားခကောက်ခံခြင်း လုပ်ငန်းများကို တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန်၊ ပြည်သူများ ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရန်အတွက် ဓာတ်အားပေးစက်ရုံများ၊ ဓာတ်အားခွဲရုံများနှင့် ဓာတ်အားလိုင်းများအား ကြံ့ခိုင်ကောင်းမွန်စေရေး စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်သွားရန်၊ လျှပ်စစ်ဓာတ်အားများကို တရားမဝင်နည်းလမ်းများဖြင့် ရယူသုံးစွဲမှုမရှိစေရေး ကြပ်မတ် ဆောင်ရွက်သွားရန်၊ မိမိတို့ စက်ရုံ၊ ဓာတ်အားခွဲရုံ၊ ရုံးအဆောက်အဦနှင့် တာဝန်ထမ်းဆောင်သည့် နေရာဒေသ အနီးပတ်ဝန်းကျင်တို့တွင် လုံခြုံရေးတာဝန်များ စနစ်တကျချထားပြီး လစ်ဟာမှုမရှိစေရေး ဆောင်ရွက်သွားရန်၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း လုံခြုံရေးအသိ၊ လုံခြုံရေးသတိ အမြဲရှိစေရေး အထူးဂရုပြု ဆောင်ရွက်သွားရန်နှင့် မိမိတို့ဝန်ကြီးဌာန၏ ရည်မှန်းချက်များ အောင်မြင်အောင် စေတနာထား၍ ဝိုင်းဝန်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားပြီး ပြည်နယ်အတွင်းရှိ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ပြည်နယ်ပြန်/ဆက်