နေပြည်တော် မေ ၂၄

 

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် မကွေးတိုင်းဒေသကြီး၊ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေးဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ ယမန်နေ့က ယနေ့တွင် မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့အနီးရှိ ဧရာဝတီမြစ်၏ ရေအရင်းအမြစ်၊ မြစ်ရေလမ်းကြောင်း အခြေအနေနှင့် မကွေးမြို့အနီးရှိ ၁၀၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်မည့် နေရောင်ခြည်စွမ်းအင်နှင့် သဘာဝ ဓာတ်ငွေ့အင်ဂျင်ပေါင်းစပ်သုံး (Solar+Gas Engine Hybrid)ဓာတ်အားပေးစက်ရုံ စီမံကိန်းလုပ်ငန်း ဆောင်ရွက်နေမှုကိုလည်းကောင်း၊ ချောက်မြို့အနီး ဧရာဝတီမြစ်၏ ရေအရင်းအမြစ်၊ မြစ်ရေစီးဆင်းမှုနှင့် အောက်ခံကျောက်သားတွေ့ရှိမှုတို့ကို လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယမန်နေ့က မင်းလှမြို့အနီးရှိ ဧရာဝတီမြစ်၏ ရေအရင်း အမြစ်နေရာနှင့် ယနေ့တွင် ချောက်မြို့အနီး ဧရာဝတီမြစ်၏ ရေအရင်းအမြစ်နေရာများသို့ သွားရောက ်ကြည့်ရှုစစ်ဆေးရာ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဟိန်းထက်နှင့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး တိုင်းဦးစီးမှူး ဦးဌေးအောင်တို့က ဧရာဝတီမြစ်ဝှမ်းဆိုင်ရာ အချက်အလက်များ၊ မင်းလှမြို့နှင့် ချောက်မြို့ အနီးရှိ ဧရာဝတီမြစ်၏ ရေလမ်းကြောင်းအခြေအနေ၊ ရေမျက်နှာပြင် အနိမ့်အမြင့် ကွာခြားချက်နှင့် ရေအတိမ်အနက်အခြေအနေ၊ ရေစီးနှုန်းနှင့် မြစ်ရေထုထည်စီးနှုန်း အခြေအနေတို့အား ရှင်းလင်း တင်ပြကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇက်ရေယာဉ်များဖြင့် မင်းလှမြို့နှင့် ချောက်မြို့အနီးရှိ ဧရာဝတီမြစ်အတွင်း မြစ်ရေစီးဆင်းနေမှု၊ မြစ်ကြောင်းအတွင်း အနည်ပို့ချနှုန်းနှင့် သောင်ထွန်းနေမှု၊ ရေကြောင်းသွားလာမှု ၊မြစ်ကမ်းပါး ဝဲ/ယာရှိ ဘူမိဗေဒအခြေအနေနှင့် သဲနှုန်းပို့ချမှုတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မကွေးမြို့အနီးရှိ ၁၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သည့် နေရောင်ခြည်စွမ်းအင်နှင့် သဘာဝဓာတ်ငွေ့အင်ဂျင်ပေါင်းစပ်သုံး (Solar+Gas Engine Hybrid) ဓာတ်အားပေးစက်ရုံ စီမံကိန်းသို့ရောက်ရှိရာ ကုမ္ပဏီတာဝန်ရှိသူများက စီမံကိန်းဆိုင်ရာအချက် အလက်များနှင့် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေတို့အား ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက သတ်မှတ်ရက်များတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေးအတွက် လက်ရှိ ရောက်ရှိနေသည့် ဓာတ်အားပေးစက်(၉)လုံးအပြင် ထပ်မံရောက်ရှိရန်ကျန်ရှိသည့် ဓာတ်အားပေး စက်(၄)လုံးနှင့် ထရန်စဖော်မာများအား သတ်မှတ်ကာလ အတွင်း ရောက်ရှိနိုင်ရေးနှင့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီတွင် ဓာတ်အားအပြည့်အဝ ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက် သွားရန်လိုကြောင်း၊ တစ်ချိန်တည်း တစ်ပြိုင်တည်း လုပ်ဆောင်ရမည့်ကိစ္စရပ်များကို အရှိန်အဟုန်ဖြင့် ဟန်ချက်ညီ ဆောင်ရွက်ရန်၊ အခက်အခဲများရှိပါက ဝန်ကြီးဌာနသို့ ချက်ချင်းတင်ပြ ဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များကို ပံ့ပိုးကူညီပေးသွားမည် ဖြစ်ကြောင်းမှာကြားခဲ့ပြီး စီမံကိန်းလုပ်ငန်းခွင်အတွင်း Solar Panel များ တပ်ဆင်ရန် မြေပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊  Engine Foundation လုပ်ငန်းများ‌ဆောင် ရွက်ပြီးစီးမှု၊  သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးအင်ဂျင်စက်ကြီးများ ရောက်ရှိနေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားသည်။

 

အဆိုပါ ၁၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သည့် နေရောင်ခြည်စွမ်းအင်နှင့် သဘာဝ ဓာတ်ငွေ့အင်ဂျင် ပေါင်းစပ်သုံး(Solar+Gas Engine Hybrid) ဓာတ်အားပေးစက်ရုံစီမံကိန်း သည် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ သပြေစမ်းကျေးရွာအနီးရှိ မြေဧရိယာ (၅၉၈) ဧကပေါ်တွင် တည်ဆောက်လျက်ရှိပြီး စက်တပ်ဆင်အင်အားမှာ Solar ၁၂၂ မဂ္ဂါဝပ်နှင့်  Gas Engine ၁၂၆ မဂ္ဂါဝပ် နှစ်မျိုး တပ်ဆင်ထားရှိပြီး စီမံကိန်းတစ်ခုလုံးပြီးစီးပါက ထွက်ရှိလာမည့် ဓာတ်အားများကို ၁၃၂ ကေဗွီ မကွေးပင်မဓာတ်အားခွဲရုံ မှတစ်ဆင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပို့လွှတ် ဖြန့်ဖြူးသွားမည်ဖြစ်ပြီး ယခုအခါ စီမံကိန်း တစ်ခုလုံး၏ (၃၁) ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)