နေပြည်တော် မေ ၂၂
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အတူ ယမန်နေ့တွင် ရေနံဓာတုဗေဒ စက်ရုံစု (သံပရာကန်)၊ ထောက်ရှာပင်/ ကမ်းနီရေနံမြေနှင့် မန်းရေနံမြေ အခြေအနေတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း ကြီးကြပ်မှုအောက်ရှိ ရေနံဓာတုဗေဒစက်ရုံစု (သံပရာကန်) သို့လည်းကောင်း၊ ရေနံဓာတုဗေဒစက်ရုံစု (သံပရာကန်) အတွက် လိုအပ်သော ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့များ ထုတ်လုပ်ပေးနေသည့် ထောက်ရှာပင်၊ ကမ်းနီရေနံမြေရှိ ရေနံမြေမှထွက်ရှိသည့် ရေနံစိမ်းများ လက်ခံသိုလှောင်ထားသော သံကန်တန်းများကိုလည်းကောင်း၊ တွင်းပြုပြင်ရေး လုပ်ငန်းဆောင်ရွက်နေမှု အဆင့်ဆင့်တို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မန်းရေနံမြေ အစည်းဝေးခန်းမ၌ ထောက်ရှာပင်၊ ကမ်းနီနှင့် မန်းရေနံမြေတို့မှ ဝန်ထမ်းများ၊ မကွေးတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံးတို့မှ ဝန်ထမ်းများနှင့်တွေ့ဆုံရာ ရေနံမြေအထွေထွေ မန်နေဂျာများနှင့် တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာတို့က ရေနံမြေများနှင့် စီမံကိန်းများအလိုက် လက်ရှိဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး က လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အတွက် လိုအပ်သောစက်သုံးဆီနှင့် သဘာဝဓာတ်ငွေ့ မပြတ်တောက်စေရေးနှင့် လျှပ်စစ်ဓာတ်အား ပြည့်မီအောင် ဖြန့်ဖြူးပေးနိုင်ရေးတို့သည် မိမိတို့ဝန်ကြီးဌာနများ၏ အရေးကြီး လုပ်ငန်းတာဝန်တစ်ရပ်ဖြစ်ပါကြောင်း၊ ရေနံဓာတုဗေဒ စက်ရုံစု (သံပရာကန်) အနေဖြင့် စက်ရုံ၏ အဓိကထုတ်ကုန်များဖြစ်သော လေယာဉ်ဆီ၊ ဓာတ်ဆီ၊ မီးထိုးဆီ၊ ရေနံမီးသွေးနှင့် ရေနံဓာတ်ငွေ့ရည်တို့ကို ထုတ်လုပ်ပေးလျက်ရှိပြီး စက်ရုံပုံမှန်လည်ပတ်ရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်ရေး အစဉ်တစိုက် ကြိုးပမ်းဆောင်ကြရန် လိုအပ်ကြောင်း၊ ရေနံမြေများ အနေဖြင့် နိုင်ငံတော်အတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေးနှင့် စက်မှုကဏ္ဍ ဖွံ့ဖြိုးရေးတို့အတွက် လိုအပ်သောရေနံနှင့် သဘာဝဓာတ်ငွေ့ ပြည့်မီအောင်ဖြည့်ဆည်းပေးနိုင်ရန် နည်းလမ်းပေါင်းစုံဖြင့် ရှာဖွေတူးဖော်ထုတ်လုပ်သွားရန် ဖြစ်ကြောင်းပြောကြားပြီး ရေနံမြေလုံခြုံရေးနှင့် လိုအပ်သည့်လုံခြုံရေးကို ရေနံမြေလုံခြုံရေး ရဲတပ်ဖွဲ့မှူးနှင့် ဌာနမှလုံခြုံရေးဝန်ထမ်း တိုးချဲ့ခန့်ထားမှုများအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် ရေနံဓာတုဗေဒစက်ရုံစု (သံပရာ ကန်)၊ ရေနံမြေများမှ ဝန်ထမ်းများကို သစ်သီးခြင်းနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်