နေပြည်တော်  မေ   ၁၅      

လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ သပြေဝကျေးရွာအနီးရှိ Clean Power Energy Co.,Ltd မှ တည်ဆောက်ထားသော ၃၀ မဂ္ဂါဝပ် သပြေဝ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ၏ ဓာတ်အားထုတ်လုပ်နေမှုနှင့် ၂၃၀ ကေဗွီ သပြေဝ ပင်မဓာတ်အားခွဲရုံတို့မှ ဓာတ်အားဖြန့်ဖြူးနေမှုတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဦးစွာ သပြေဝ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံသို့ ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီးက မိမိတို့နိုင်ငံသည်  နေရောင်ခြည်စွမ်းအင် အရင်းအမြစ်များ ပေါကြွယ်ဝသည့် နိုင်ငံဖြစ်သဖြင့် နေရာင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများကို အကောင်အထည်ဖော် တည်ဆောက်သွားရမည်ဖြစ်ပါကြောင်း၊ ဤသပြေဝ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတွင် ဆိုလာ Tracking System တပ်ဆင်ထားခြင်းကြောင့်  လျှပ်စစ်ဓာတ်အား ပိုမိုထုတ်လုပ်နိုင်သည်ကို တွေ့ရှိရသဖြင့် နောင်ပြုလုပ်မည့် ဆိုလာစီမံကိန်းများတွင်လည်း ဆိုလာ Tracking System နည်းပညာကို အသုံးပြုသွားရန် လိုအပ်ပါကြောင်း၊ သပြေဝ ပင်မဓာတ်အားခွဲရုံမှ ဓာတ်အားပို့လွှတ်ရန် နိုင်နင်းသည့်အတွက် ဤသပြေဝဆိုလာ ဓာတ်အားပေး စက်ရုံအနီးတွင်ရှိသည့် မြေလွတ်မြေရိုင်းများပေါ်တွင် နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့် ဆိုလာစီမံကိန်းသစ်များ ထပ်မံအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် စီမံကိန်း လုပ်ထုံးလုပ်နည်းများနှင့်အညီ စီမံဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း၊  ထို့အပြင် ဓာတ်အားပေးစက်ရုံမှ ပို့လွှတ်သောဓာတ်အားများ မပြတ်တောက်စေရေးနှင့် ဓာတ်အားစဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်ရေးတို့ကို အလေးထား ဆောင်ရွက်သွားရန် မှာကြားသည်။ 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်  ဓာတ်အားထိန်းချုပ်ခန်းအတွင်း နေရောင်ခြည်စွမ်းအင်မှ လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်ပြီး နိုင်ငံတော်ဓာတ်အားစနစ် (National Grid System) သို့ ချိတ်ဆက်ပို့လွှတ်ဖြန့်ဖြူးပေးနေမှုနှင့် စက်ရုံဧရိယာအတွင်း Solar Panal များ တပ်ဆင်ထားမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

 

mdn

 

သပြေဝ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံသည် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ သပြေဝကျေးရွာအနီးရှိ မြေဧရိယာ (၁၃၃ ဒသမ ၄၄) ဧကပေါ်တွင် တည်ရှိပြီး စက်တပ်ဆင်အင်အားမှာ (၃၀) မဂ္ဂါဝပ် ဖြစ်ကာ အမြင့်ဆုံး လျှပ်စစ်စွမ်းအားနှုန်း (၄၅၅) ဝပ် ရှိသည့် Bifacial Monocrystalline Silicon Module ပေါင်း (၈၃၇၅၂) ခု Single Axis Solar Tracker (၉၆၆) စုံ တပ်ဆင်ထားပြီး  မြန်မာနိုင်ငံတွင် ဒုတိယမြောက် အကောင်အထည်ဖော် တည်ဆောက်ပြီးစီးခဲ့သည့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ တစ်ရုံဖြစ်ကာ အဆိုပါဓာတ်အားပေးစက်ရုံမှ တစ်ရက်လျှင် လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ (၂) သိန်းကျော်ခန့် ထုတ်လုပ်ကာ တစ်နှစ်လျှင် ပျမ်းမျှလျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း (၆၆) သန်း ထုတ်လုပ်ပေးလျက်ရှိပြီး ထွက်ရှိလာသည့် လျှပ်စစ်ဓာတ်အားများကို (၄) မိုင်ခန့်ရှိသည့် ၃၃ ကေဗွီ နှစ်ထပ် ကောင်းကင်ဓာတ်အားလိုင်းဖြင့် ၂၃၀ ကေဗွီ သပြေဝ ပင်မဓာတ်အားခွဲရုံမှ တဆင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပို့လွှတ်ဖြန့်ဖြူးပေးလျက်ရှိသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေး ဦးစီးဌာန ၂၃၀ ကေဗွီ သပြေဝ ပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိပြီး အစည်းအဝေးခန်းမ၌ ပြည်ထောင်စုဝန်ကြီးက ထပ်မံတည်ဆောက်မည့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံများမှ ထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အားများကို သပြေဝ ပင်မဓာတ်အားခွဲရုံမှတဆင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ဖြန့်ဖြူးပေးနိုင်ရေး ကြိုတင်ဆောင်ရွက်ထားရန်နှင့် ဓာတ်အားပြတ်တောက်မှု လျော့နည်းကျဆင်းစေရေးအတွက် ထရန်စဖော်မာများ၊ ဓာတ်အားခွဲရုံသုံး ပစ္စည်းများနှင့် ဓာတ်အားလိုင်းများ ကြံ့ခိုင်ကောင်းမွန်စေရေး စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်သွားရန် မှာကြား၍ ဓာတ်အားခွဲရုံအတွင်းရှိ Switch Yard အတွင်း ဓာတ်အားပို့လွှတ် ဖြန့်ဖြူးပေးနေမှုနှင့် လက်ရှိဓာတ်အားလိုင်းများနှင့် ထရန်စဖော်မာများ၏ ဝန်အားထိန်းညှိ ဖြန့်ဖြူးထားမှု အခြေအနေတို့ကို  လှည့်လည်ကြည့်ရှုစစ်ဆေးပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ တာဝန်ကျေပွန်ထူးချွန်သည့် နိုင်ငံ့ဝန်ထမ်းများကို အသိအမှတ်ပြု ချီးမြှောက်ပေးရေး လမ်းညွှန်ချက်နှင့်အညီ သပြေဝပင်မ ဓာတ်အားခွဲရုံမှ ဝန်ထမ်းများသည် လုပ်ငန်းတာဝန်များကို ထူးချွန်စွာထမ်းဆောင်နိုင်မှု၊ ဓာတ်အားခွဲရုံဝန်းကျင်တွင် သန့်ရှင်းသပ်ရပ် လှပစေရန် ဆောင်ရွက်နိုင်မှုတို့ကြောင့် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများကို ဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်