နေပြည်တော် ဇန်နဝါရီ  ၂၁ 


လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ  ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်ရှိ နန်ချိုရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံနှင့် အပူစွမ်းအင်သုံးဓာတ်အားပေးစက်ရုံ တည်ဆောက်မည့်နေရာတို့ကို ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နန်ချိုရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံ၏ ရေထိန်းတမံနှင့် ရေယူအဆောက်အအုံသို့ရောက်ရှိပြီး ရေဝင်ရောက်မှု၊ ရေသို လှောင်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။ ရေထိန်းတမံသည် အမြင့် ၁၆၇ ပေရှိသော တိုက်ရိုက်ရေသွယ်စနစ် (Run Off River Type) CVC ကွန်ကရစ် တမံအမျိုးအစားဖြစ်ကာ အကျယ် ၃၄၉ ပေရှိ ရေပိုလွှဲနှင့် သဲနုန်းထုတ်ပေါက်တံခါးတို့ကို ထည့်သွင်းတည်ဆောက်ထား သည်။ အဆိုပါ ရေထိန်းတမံမှ ရေကိုရေယူအဆောက်အအုံ့မှတဆင့် ရေသွယ်ဥမင်လိုဏ် အလျား ပေ ၇၃၃၀ အရှည်ဖြင့် သယ်ယူပြီး ယခုကာလတွင် တစ်နေ့လျင် (၂)ကြိမ် ရေထိန်း ကန်သို့ ပို့လွှတ်လျက်ရှိသည်။ 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရေထိန်းကန်သို့ ရောက်ရှိပြီး ရေထိန်းကန်အတွင်း ရေသိုလှောင်ထားမှုအခြေအနေ၊ ဓာတ်အားပေးစက်ရုံသို့ ဖိအားမြင့် သံမဏိပိုက်လိုင်းဖြင့် ရေပို့လွှတ်မှုနှင့် ရေအားအဆောက်အအုံများ၏ ကြံ့ခိုင်မှုတို့ကို ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြသည်။ အဆိုပါ ရေထိန်းကန်သည် ရေဂါလံ ပေါင်း ၂၆ သိန်းခန့် သိုလှောင်နိုင်ပြီး အချင်း ၁၃ ပေ၊ အလျား ၈၇၆ ပေရှိ ဖိအားမြင့်သံမဏိ ပိုက်လိုင်းဖြင့် ဓာတ်အားပေးစက်ရုံသို့ ပို့လွှတ်ပေးလျက်ရှိသည်။ 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ကို စက်ရုံအစည်းအဝေးခန်းမတွင် ရေအား လျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ဇော်မင်းက စစ်တောင်းမြစ်ဝှမ်းအတွင်း ရေအားလျှပ်စစ်စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက် ပြီးစီးမှုကိုလည်းကောင်း၊  ညွှန်ကြားရေးမှူး ဦးမင်းခိုင်က နန်ချိုရေအား လျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်တည်ဆောက်ခဲ့မှုကိုလည်းကောင်း၊ နန်ချို ဓာတ်အားပေးစက်ရုံမှူးက စက်ရုံဆိုင်ရာအချက်အလက်များ၊ ဓာတ်အားပေးစက်များ မောင်းနှင်ဓာတ်အားထုတ်လုပ် ပေးနေမှု၊ နိုင်ငံတော်ဓာတ်အားစနစ်သို့ချိတ်ဆက်၍ ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးပေးနေမှုနှင့် စက်ရုံလုံခြုံရေးဆိုင်ရာ ဆောင်ရွက်ထားမှုကိုလည်းကောင်း ရှင်းလင်းတင်ပြကြရာ ပြည်ထောင် စုဝန်ကြီးက လိုအပ်သည်များမှာကြားခဲ့ပြီး  ဓာတ်အားပေးစက်ရုံရှိ ဓာတ်အားထိန်းချုပ်ခန်း အတွင်း နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပြီး လျှပ်စစ်ဓာတ်အားများ ထုတ်လုပ် ပေး နေမှုကို ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများကို ရင်းရင်း နှီးနှီးတွေ့ဆုံနှုတ်ဆက်၍ ဝန်ထမ်းများ၏ တင်ပြချက်များ၊ ဝန်ထမ်းရေးရာကိစ္စရပ်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့်် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။     

နန်ချိုရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် ရေအားအမြင့် ၃၂၈ ပေရှိပြီး ဒေါင်လိုက် ဖရန်စစ်တာဘိုင် ၂၀ မဂ္ဂါဝပ်စက်(၂)လုံးဖြင့် တပ်ဆင်အင်အား ၄၀ မဂ္ဂါဝပ်ရှိကာ နှစ်စဉ် ကီလိုဝပ်နာရီသန်းပေါင်း ၁၅၂ သန်း ထုတ်လုပ်ပေးလျက်ရှိသော တိုက်ရိုက်ရေသွယ်စနစ် (Run Off River Type) စက်ရုံတစ်ရုံဖြစ်ပြီး နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပို့လွှတ် ဖြန့်ဖြူး ပေးလျက်ရှိသည်။ 

ထို့ပြင် ဒေသဖွံ့ဖြိုးရေးအတွက် အကောင်အထည်ဖော် တည်ဆောက်ပေးလျက် ရှိသော စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့အနီး တည်ဆောက်ဆဲဖြစ်သည့် နမ့်ပငရေအား လျှပ်စစ် စီမံကိန်း ၆ မဂ္ဂါဝပ်နှင့် နာဂဒေသတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ရေအား လျှပ်စစ်စီမံကိန်းများကိုလည်း တိုက်ရိုက်ရေသွယ်စနစ် (Run Off River Type) အသုံးပြု ဓာတ်အားပေးစက်ရုံများအဖြစ် အကောင်အထည်ဖော်တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ် ပေါင်းလောင်း ရေလှောင်တမံအနီးရှိ အပူစွမ်းအင်သုံးဓာတ်အားပေး စက်ရုံတည်ဆောက်မည့် နေရာကို ရောက်ရှိရာ တာဝန်ရှိသူများက မြေနေရာရွေးချယ်ထားမှု၊ ရေရရှိနိုင်မှု၊ အောက်ခံကျောက်သား ဘူမိဗေဒအခြေအနေတို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက စီမံ ကိန်း အကောင်အထည်ဖော် တည်ဆောက်မှုဆိုင်ရာ အဓိက လိုအပ်ချက်များ ပြည့်စုံမှုရှိစေ ရေး လိုအပ်သည်များကို မှာကြားခဲ့ပြီး အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတည်ဆောက်ရန် မြေနေရာများ လျာထားရွေးချယ်ထားမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်