နေပြည်တော်၊ ဇွန် ၄
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးသောင်းဟန်သည် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျနှင့်အတူ ယနေ့၊ နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ ပေါင်းလောင်းရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ ဓာတ်အားပေးစက်များ မောင်းနှင်နေမှု၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နေမှုနှင့် ပေါင်းလောင်းရေလှောင်တမံတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပေါင်းလောင်းရေလှောင်တမံသို့ ရောက်ရှိရာ ရှင်းလင်းဆောင်ခန်းမ၌ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြရာ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဟိန်းထက်နှင့် ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျတို့က ဖြည့်စွက်ရှင်းလင်းတင်ပြကြသည်။
တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လာမည့်နွေရာသီအမီ လျှပ်စစ်ဓာတ်အား လိုအပ်ချက်အား ပြည့်မီအောင် ထုတ်လုပ်ပေးနိုင်ရန်အတွက် ရေလှောင်တမံအတွင်းသို့ စီးဝင်လာသည့်ရေကို စနစ်တကျစီမံ၍ ဓာတ်အားထုတ်လုပ်နိုင်ရန်နှင့် ရေဂိတ်တံခါးပါ ရေပိုလွှဲ ပြင်ဆင်တည်ဆောက်မည့် အခြေအနေတို့နှင့် ပတ်သက်၍ မှာကြားခဲ့ပြီး တမံ၏ကြံ့ခိုင်မှုအခြေအနေ၊ ရေလှောင်တမံအတွင်း ရေဝင်ရောက်မှု၊ ရေသိုလှောင်ထားရှိမှုနှင့် ရေဂိတ်တံခါးပါ ရေပိုလွှဲ ပြင်ဆင်တည်ဆောက်မည့် အခြေအနေတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း၊ ပေါင်းလောင်း ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံသို့ရောက်ရှိရာ စက်ရုံအစည်းအဝေးခန်းမတွင် စက်ရုံမှူးက ဓာတ်အားပေး စက်ရုံဆိုင်ရာ အချက်အလက်များ၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နေမှု၊ ရေလှောင်တမံအတွင်း ရေဝင်ရောက်မှု၊ ရေသိုလှောင်ထားရှိမှုနှင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်၍ လျှပ်စစ်ဓာတ်အားများ ပို့လွှတ်ဖြန့်ဖြူးပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးဟိန်းထက်က ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ဓာတ်အားပေးစက်များကို ကြံ့ခိုင်မှုရှိစေရေး စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ပြည်သူများ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်များကို ပြည့်မီစွာ ထုတ်လုပ်ပေးနိုင်ရေး စီမံဆောင်ရွက်ထားရန် လိုအပ်ကြောင်း၊ ဓာတ်အားပေးစက်ရုံ သန့်ရှင်းသာယာလှပရေးနှင့် လုံခြုံရေးကို အထူးဂရုပြု ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် နှစ်စဉ်တိုးတက် သုံးစွဲလာသော လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို တိုးတက်ဖြန့်ဖြူးပေးနိုင်ရန်နှင့် တစ်နှစ်ပတ်လုံး စဉ်ဆက်မပြတ် ထုတ်လုပ်၍ လျှပ်စစ်ဓာတ်အား တည်ငြိမ်စွာ ဖြန့်ဖြူးပေးနိုင်ရန်အတွက် ရေအားလျှပ်စစ်စက်ရုံများ၊ နေရောင်ခြည်စွမ်းအင်သုံး စက်ရုံများ၊ သဘာဝဓာတ်ငွေ့နှင့် အပူစွမ်းအင်သုံး စက်ရုံများစသည့် လျှပ်စစ်ဓာတ်အားပေး စက်ရုံစီမံကိန်းများကို Generation Mix တွင် အရင်းအမြစ်မျိုးစုံ ပါဝင် ထုတ်လုပ်နိုင်ရေးတို့ကို ဟန်ချက်ညီညီ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့ပြီး ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ ဝန်ထမ်းများကို ဂုဏ်ပြုထောက်ပံ့ငွေများ ချီးမြှင့်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဓာတ်အားပေးစက်ရုံရှိ ဓာတ်အားထိန်းချုပ်ခန်းနှင့် တာဘိုင်စက်ခန်းများအတွင်း ဓာတ်အားပေး စက်များမောင်းနှင်၍ နိုင်ငံတော် ဓာတ်အားစနစ်သို့ ချိတ်ဆက်ပြီး လျှပ်စစ်ဓာတ်အားများ ပို့လွှတ်ဖြန့်ဖြူးပေးနေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်