နေပြည်တော် ဇွန် ၉
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ရန္တပိုကျေးရွာအနီးရှိ ဧရာဝတီမြစ် မြစ်ရေလမ်းကြောင်း အခြေအနေ ကို ယနေ့နံနက်ပိုင်းတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် မြန်မာနိုင်ငံ တမံကြီးများဆိုင်ရာ အမျိုးသားကော်မတီအဖွဲ့ဝင် ဦးကြည်သာ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တပ်မတော်စစ်ရေယာဉ်ဖြင့် မြင်းခြံမြို့နယ်၊ ရန္တပိုကျေးရွာ အနီး မြစ်ကြောင်းအတွင်း အနည်ပို့ချနှုန်းနှင့် သောင်ထွန်းနေမှု၊ ရေကြောင်းသွားလာမှု၊ မြစ်ကမ်းပါး ဝဲ/ယာရှိ ဘူမိဗေဒအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးရာ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဟိန်းထက်နှင့် တာဝန်ရှိသူများက ဧရာဝတီမြစ်ဝှမ်းဆိုင်ရာ အချက်အလက်များ၊ ရန္တပို ကျေးရွာအနီးရှိ ဧရာဝတီမြစ်၏ ရေလမ်းကြောင်း ၊ ရေမျက်နှာပြင် အနိမ့်အမြင့် ကွာခြားချက်၊ ရေအတိမ် အနက်နှင့် မြစ်ရေထုထည်စီးနှုန်းအခြေအနေကို ရှင်းလင်းတင်ပြကြသည်။
တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ယခုနေရာသည် အကြိုစူးစမ်း လေ့လာမှုများ ဆောင်ရွက်ရန် သင့်လျော်သည့်နေရာဖြစ်သောကြောင့် ဧရာဝတီမြစ်ကြောင်း ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန် အတွက် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင်အပေါ် သက်ရောက်နိုင်မှုများကို အသေးစိတ်စူးစမ်း လေ့လာမှုများ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ချင်းတွင်းမြစ်သည် အနည်ကျမှုနှုန်း ပိုမိုများပြားပါ ကြောင်း၊ ယခု ရန္တပိုနေရာသည် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ဆုံရာ၏ အထက်ဘက်တွင် တည်ရှိသဖြင့် ရေအရည်အသွေးကောင်းမွန်ပြီး အနည်ကျနှုန်း ပိုမိုနည်းပါးနိုင်သည့်အတွက် လုပ်ငန်းများ ဆောင်ရွက် ပါက မြစ်၏ အောက်ပိုင်းနေရာများထက် ပိုမိုအကျိုးရှိနိုင်မည် ဖြစ်ကြောင်း။
ထို့ကြောင့် အကြိုစူးစမ်းလေ့လာတိုင်းတာမှုအနေဖြင့် မြေမျက်နှာသွင်ပြင်၊ ဇလဗေဒနှင့် ဘူမိဗေဒဆိုင်ရာလေ့လာမှုများအပြင် စစ်ကိုင်းပြတ်ရွေ့ကြောနှင့် နီးကပ်စွာ တည်ရှိနေသဖြင့် မြေငလျင်ဆိုင်ရာ လေ့လာဆန်းစစ်မှုများကို စတင်၍ စူးစမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အကြိုဖြစ်မြောက်နိုင်စွမ်း လေ့လာမှုမှရရှိလာသော အချက်အလက်များ အပေါ်အခြေခံပြီး ဖြစ်မြောက်နိုင်စွမ်းလေ့လာမှုအား ထပ်မံအသေးစိတ် ဆောင်ရွက်သွားရမည်ဖြစ်သည့်အတွက် နိုင်ငံတကာအတွေ့အကြုံရှိသည့် အတိုင်ပင်ခံ အင်ဂျင်နီယာ အဖွဲ့အစည်းများနှင့် ဌာနမှလူအင်အား အရင်းအမြစ်များ ပူးပေါင်းကာ စနစ်တကျ အသုံးချ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)