နေပြည်တော် ၁၃ နိုဝင်ဘာ
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် ကျင်းပသည့် အာဆီယံနိုင်ငံများ၏ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီးဆွေးနွေးပွဲ - ၂၀၂၀ ထိပ်သီးအစည်းအဝေး၏ 'Panel Discussion on Technology and The Future of Work in ASEAN' ကဏ္ဍတွင် မိန့်ခွန်းပြောကြားသည့် Video Speech ကို ပေးပို့ခဲ့သည်။
စကားဝိုင်းဆွေးနွေးပွဲ၌ အင်ဒိုနီးရှားနိုင်ငံသမ္မတ Ir. H. Joko Widodo နှင့် ယူကေနိုင်ငံမှ နိုင်ငံတကာ ကုန်သွယ်ရေးဝန်ကြီး The Right Honorable Elizabeth Truss MP တို့နှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက Video မိန့်ခွန်းပြောကြားခဲ့ကြပြီး ထိုသို့ပြောကြားရာတွင် အာဆီယံအနေဖြင့် ရေရှည်တည်တံ့ခိုင်မြဲသည့် တိုးတက်မှုကို ပြန်လည်တည်ဆောက်နိုင်ရန် အတွက် စက်မှုလုပ်ငန်းများအားလုံး နည်းပညာအသစ်များကို အသုံးပြုနိုင်ရေး ပြင်ဆင်သွားရန်လိုအပ်ကြောင်း ထည့်သွင်းပြောကြားသည်။
မိမိတို့အနေဖြင့် AI မှ AR နည်းပညာသို့ ကူးပြောင်းနိုင်ရန်အတွက် နည်းပညာနှင့် ဆန်းသစ် တီထွင်မှုများကို လက်ခံရန်လိုအပ်ကြောင်း၊ ထို့ကြောင့်ဆေးပညာ သင်ယူသည့် ကျောင်းသူ/ သားများပင်လျှင် အဆင့်မြင့်စက်ရုပ်နည်းပညာတို့ကိုပါ သိရှိနားလည်ရန် လိုအပ်လာပြီဖြစ်ပါကြောင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs) များအနေဖြင့်လည်း ဒီဂျစ်တယ်စနစ်ကို အသုံးပြုနိုင်ရန်၊ e-commerce စနစ်နှင့် ဒီဂျစ်တယ်စနစ်ဖြင့် ငွေပေးချေမှုတို့ကို အကျွမ်းတဝင်ဖြစ်စေရန် လိုအပ်ကြောင်း၊ ဒီဂျစ်တယ်နည်းပညာမှာ ယနေ့ခေတ် အလုပ်သမားများအတွက် လိုအပ်သည့် အဓိကကျွမ်းကျင်မှုဖြစ်လာပြီး အမြဲတမ်းသင်ယူ လေ့လာသွားရန် လိုအပ်ကြောင်း၊ ထို့ကြောင့် ပညာရေးစနစ်ကို သုံးသပ်နေရန်လိုအပ်ကြောင်း၊ လယ်သမားများမှာလည်း အသိပညာပြည့်ဝသည့် လုပ်သားများဖြစ်ရန် လိုပါကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက အာဆီယံအနေဖြင့် 4th Industrial Revolution သို့ ကူးပြောင်းစဉ် ကြုံတွေ့နိုင်သည့် စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရာ၌ ပွင့်လင်းမှုနှင့် အချင်းချင်း စာနာမှုရှိရန် ဆွေးနွေးခဲ့ပြီး မိမိတို့အနေဖြင့် လူမှုအသိုက်အဝန်း၏ ပြဿနာဟောင်းများကို ခေတ်သစ်နည်းပညာများ အသုံးပြုပြီး ဖြေရှင်းရန်လိုပါကြောင်း၊ မိမိတို့၏ အဓိကသင်ယူမှုများက သတိ၊ ပူးပေါင်းဆောင်ရွက်မှုနှင့် စာနာမှုများကို လျစ်လျူရှု၍မရပါကြောင်း၊ တစ်ဦးချင်းစီ၏ ကွဲပြားမှုများမှာ အတားအဆီးများမဖြစ်ရန်အတွက် မိမိတို့မှာ ပွင့်လင်းပြီး လက်ခံနိုင် စွမ်းရှိရမည်ဖြစ်ကြောင်း၊ ကျောင်းများသည် တွေးခေါ်နိုင်စွမ်းရှိရန် သင်ပေးရမည် ဖြစ်ကြောင်း၊ နိုင်ငံရေးစနစ်များ အလုပ်ခွင်များနှင့် ပြည်သူ့ဝန်ဆောင်မှုပေးသည့် အဖွဲ့အစည်းများမှာ ဝေဖန်ခြင်းကို ခံနိုင်စွမ်းရှိသည့် အဖွဲ့အစည်းများ ဖြစ်ရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထိပ်သီးဆွေးနွေးပွဲ၏ အဓိကအကြောင်းအရာမှာ 'Digital ASEAN: Sustainable and Inclusive' ဖြစ်ပြီး အာဆီယံနိုင်ငံများ၏ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီးဆွေးနွေးပွဲသည် အရှေ့တောင်အာရှ နိုင်ငံများ၏ သမ္မတများ၊ ဝန်ကြီးချုပ်များ၊ ခေါင်းဆောင်များနှင့် ဒေသတွင်းရှိ စီးပွားရေးအဖွဲ့အစည်းများ၏ ခေါင်းဆောင်များပါဝင်ကာ ဒေသ၏ အနာဂတ်အလားအလာများကို ဆွေးနွေးရန် နှစ်စဉ်ကျင်းပသည့် ဖိုရမ်တစ်ခုဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သက်ရောက်မှုများရှိပြီး စိန်ခေါ်မှုများစွာ ကြုံတွေ့နေရသည့် အခြေအနေ၌ ကျင်းပသော ယခုဆွေးနွေးပွဲသည် ပုဂ္ဂလိကနှင့် အစိုးရကဏ္ဍ နှစ်ခုစလုံးအတွက် ဒီဂျစ်တယ်ခေတ်တွင် အားလုံးပါဝင်ပြီး ရေရှည်တည်တံ့ခိုင်မြဲသော တိုးတက်မှုကိုမြှင့်တင်ရန် နည်းလမ်းများ ဖော်ထုတ်နိုင်ရေးအတူတကွ စုစည်းပေးသည့် အခွင့်အလမ်းကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။
သတင်းစဉ်


