နေပြည်တော် ၁၆ အောက်တိုဘာ
AustCham Myanmar က စီစဉ်ကျင်းပသည့် Election 2020: Key Issues for Business Webinar ကို ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပသည်။
အခမ်းအနားတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးတက်မှုအခြေအနေများ၊ ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် (CERP) နှင့် မြန်မာ့စီးပွားရေး နာလန်ထူရေးနှင့် ပြုပြင်ပြောင်းလဲရေးစီမံချက် (MERRP) တို့ကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားနိုင်ရန်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် ငွေကျပ် ဘီလီယံ ၄,၀၀၀ (ကျပ်လေးထောင်ဘီလီယံ) အသုံးပြုခဲ့ကြောင်း၊ ယင်းသည် GDP ၏ ၃ ဒသမ ၄ ရာခိုင်နှုန်းခန့်ရှိကြောင်း ပြောကြားသည်။ အဆိုပါ Webinar ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာနိုင်ငံရှိ စီးပွားရေး ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် ကိုဗစ်-၁၉ ကြောင့် စီးပွားရေးအပေါ် သက်ရောက်မှုများကို ကုစားခြင်းနှင့် ရေရှည်အစီအမံများ၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အပါအဝင် ငြိမ်းချမ်းရေးနှင့် ရွေးကောက်ပွဲ၏ အခန်းကဏ္ဍတို့ကို အဓိကထား ဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံနေကြသည့် ပြည်ပစီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ၎င်းတို့၏ အတွေ့အကြုံများကို ဆွေးနွေးတင်ပြခဲ့ကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရ၏ ရှေ့ဆက်ဆောင်ရွက်သွားမည့် အစီအမံများနှင့် ဝန်ကြီးဌာန အနေဖြင့် ရင်းနှီးမြှုပ်နှံသူများကို ဆက်လက်ပံ့ပိုးမည့် အစီအစဉ်များကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


