နေပြည်တော် ၂ အောက်တိုဘာ
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းအား ဗြိတိန်နိုင်ငံ Parliamentary Under-Secretary of State for International Development, Hon. Baroness Elizabeth Grace Sugg နှင့်အဖွဲ့သည် ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၌ လာရောက်တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဗြိတိန်ကိုယ်စားလှယ်အဖွဲ့အား ပြည်ပကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်စေရေးအတွက် အစိုးရ၏ကဏ္ဍစုံမှ ပြုပြင်ပြောင်းလဲဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနေမှုများ၊ ဆင်းရဲနွမ်းပါးမှု လျော့ချရေး အစီအစဉ်များ၊ စီးပွားရေးနှင့် လူမှုရေးကဏ္ဍများတွင် အမျိုးသမီးများ၏ ပါဝင်မှု မြင့်မားရေးအတွက် ဆောင်ရွက်မှုများ၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍတွင် တိုးတက်ရေး ဆောင်ရွက်နေမှုများကို လည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဗြိတိန်နိုင်ငံက မြန်မာနိုင်ငံအား လူသားချင်းစာနာ ထောက်ထားမှု အကူအညီများနှင့် ဖွံ့ဖြိုးတိုးတက်မှု အကူအညီများ အစဉ်အဆက်ပေးအပ်နေမှုအတွက်လည်း ကျေးဇူးတင်ကြောင်း ပြောကြားသည်။
ဗြိတိန်နိုင်ငံ Parliamentary Under-Secretary of State ၊ Hon. Baroness Elizabeth Grace Sugg က ရခိုင်ပြည်နယ်၏ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများအား ကျော်လွှားနိုင်ရန် မြန်မာအစိုးရက အားထုတ်ကြိုးပမ်းမှုများအပေါ် အသိအမှတ်ပြုပါကြောင်း၊ မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးတိုးတက်ရေးအကူအညီ အထောက်အပံ့များကို ဆက်လက်ပေးအပ်သွားမည်ဖြစ်ပြီး၊ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးလုပ်ငန်းများအတွက်လည်း ဆက်လက်ထောက်ပံ့ ကူညီသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
သတင်းစဉ်


