နေပြည်တော်  ၂၂  စက်တင်ဘာ 

 

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် စင်ကာပူသမ္မတ နိုင်ငံတွင် စက်တင်ဘာ ၂၀ ရက်မှ ၂၁ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် စင်ကာပူသမ္မတ နိုင်ငံ ထိပ်သီးအစည်းအဝေး ၂၀၁၉ သို့ တက်ရောက်ခဲ့သည်။

အဆိုပါ စင်ကာပူသမ္မတနိုင်ငံ ထိပ်သီးအစည်းအဝေးအား စင်ကာပူသမ္မတနိုင်ငံ အစိုးရနှင့် Temasek ဖောင်ဒေးရှင်းတို့မှကြီးမှူး၍ အာရှဒေသတွင်းနှင့် ကမ္ဘာ့နိုင်ငံများအကြား စီးပွားရေး၊ ဘဏ္ဍာရေးနှင့် ဒေသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်နိုင်ရန် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်သည်။ အစည်းအဝေး၌ အာရှနှင့် ကမ္ဘာတစ်လွှားမှ ခေါင်းဆောင်များအကြား အတွေးအမြင်များ ဖလှယ်နိုင်မည်ဖြစ်ပြီး၊ အစိုးရ ကဏ္ဍမှ အဆင့်မြင့်အရာရှိကြီးများနှင့် ပုဂ္ဂလိကကဏ္ဍမှ ခေါင်းဆောင်များအကြား စီးပွားရေး၊ ဘဏ္ဍာရေးနှင့် ဒေသဆိုင်ရာ၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများ ဆွေးနွေး ဖော်ထုတ်သွားနိုင်မည်ဖြစ်သည်။ 

စက်တင်ဘာ ၂၁ ရက်တွင် စင်ကာပူသမ္မတနိုင်ငံ ထိပ်သီးအစည်းအဝေး ၂၀၁၉ ဖွင့်ပွဲ အခမ်းအနားကို ကျင်းပရာ စင်ကာပူသမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဝန်ကြီး  Mr. Heng Swee Keat က  အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဆွေးနွေးပွဲသို့ အာရှနှင့် ကမ္ဘာတစ်ဝန်းမှ ကိုယ်စားလှယ်ပေါင်း ၆၅၀ ကျော် တက်ရောက်ခဲ့ သည်။

မွန်းလွဲပိုင်းတွင် ထိပ်သီးအစည်းအဝေးကို ဆက်လက်ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက Policy Dialogue Session ၌ ပါဝင်ဆွေးနွေးခဲ့သည်။ 

အဆိုပါ အစီအစဉ်တွင် ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ကမ္ဘာလုံးဆိုင်ရာ ပြောင်းလဲမှုဖြစ်စဉ်အရ နိုင်ငံစုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများတွင် စိန်ခေါ်မှုများရှိ နေဆဲဖြစ်ကြောင်း၊ ဒေသတွင်းနှင့် ကမ္ဘာ့နိုင်ငံများအကြား လွတ်လပ်စွာ ကုန်သွယ်နိုင်မှု၊ နည်းပညာဆန်းသစ် တီထွင်မှုနှင့် သုတေသန ဖွံ့ဖြိုးတိုးတက်မှုတို့သည် အရေးကြီးပါကြောင်း၊ ကမ္ဘာ့စီးပွားရေးတွင် အာရှနိုင်ငံများ၏ စီးပွားရေး တိုးတက်မှုမှာ အဓိက အခန်းကဏ္ဍမှ ပါဝင်လာကြောင်း၊ 


အဆိုပါ နိုင်ငံစုံနှင့် ဒေသဆိုင်ရာအုပ်စုတွင် ပါဝင်သည့် မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ Mega-trends နှင့်အတူ လိုက်ပါဆောင်ရွက်နိုင်ရေး ကြိုးစားလျက်ရှိပါကြောင်း၊ အာဆီယံဒေသတွင်း စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု အစီအစဉ်၌လည်း တက်တက်ကြွကြွ ပါဝင်လျက်ရှိပါကြောင်း၊ Industrial 4.0 သို့ ကူးပြောင်း နိုင်ရေးကို အပြည့်အဝ ထောက်ခံပါကြောင်း၊ မြန်မာနိုင်ငံအစိုးရမှ ရေးဆွဲထားသော Myanmar Sustainable Development Plan သည် ဒေသတွင်း ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ ငွေရေးကြေးရေးကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်ချိတ်ဆက်မှု တိုးမြှင့်ခြင်းဖြင့် အထောက်အကူ ပြုမည်ဖြစ်ပါကြောင်း စသည်ဖြင့်  မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ် တိုးတက်မှု၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို ဆွေးနွေးပြောကြားသည်။


ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးသည် စင်ကာပူသမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ် နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး  Mr. Heng Swee Keat နှင့် နိုင်ငံခြားဝန်ကြီးဌာန ဝန်ကြီး Dr. Vivian Balakrishnan တို့ကို သီးခြားစီတွေ့ဆုံခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး နှင့် နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များကို ဆွေးနွေးကြသည်။


အဆိုပါ တွေ့ဆုံပွဲများသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးမြင့်အောင်တို့ တက်ရောက်ကြသည်။


ပြည်ထောင်စုဝန်ကြီးသည် ယနေ့ညနေပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သည်။


 (သတင်းစဉ်)