ရန်ကုန် ၁၄ မတ်
Coronavirus Disease 2019 (COVID-19) ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ၏ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဉီးစီးဌာန ရန်ကုန်(ရုံးချုပ်)၌ ကျင်းပသည်။
အစည်းအဝေးသို့ စီးပွားရေးသက်ရောက်မှုများ အပေါ်ကုစားရေး လုပ်ငန်းကော်မတီ ဉက္ကဋ္ဌ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးသောင်းထွန်း၊ လုပ်ငန်းကော်မတီ အဖွဲ့ဝင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးစိုးဝင်း၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးသိန်းဆွေ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဉက္ကဋ္ဌ ဉီးကျော်ကျော်မောင်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဉီးစိုးမင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးတင်လတ်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဉီးဝင်းခန့်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဉီးမင်းမင်း၊ လုပ်ငန်းကော်မတီ အတွင်းရေးမှူး ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဉီးအောင်နိုင်ဉီးနှင့် အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် လုပ်ငန်းကော်မတီ ဉက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဉီးသောင်းထွန်းက COVID-19 ကြောင့် တိုင်းပြည်၏ စီးပွားရေးအပေါ် ဆိုးကျိုးသက်ရောက်စေနိုင်သည့် အခြေအနေများကို ကုစားရန်အတွက် ကော်မတီကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း အလေးအနက်ထား၍ ပြောကြားသည်။
ထို့နောက် COVID-19 ပြဿနာကြောင့် ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များ ရေတို၊ ရေရှည် စီမံကိန်းများချမှတ်၍ တုံ့ပြန်ရန်နည်းလမ်းများကို အစည်းအဝေး တက်ရောက်လာသူများက အသေးစိတ်ဆွေးနွေးကြပြီး အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတို့ပူးပေါင်း၍ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးကြသည်။
သတင်းစဉ်


