နေပြည်တော် ၂၄ နိုဝင်ဘာ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် OECD တို့ ပူးပေါင်း၍ နော်ဝေနိုင်ငံနှင့် ဆွစ်ဇာလန်နိုင်ငံအစိုးရတို့၏ အကူအညီဖြင့် ဆောင်ရွက်သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုမူဝါဒ လေ့လာသုံးသပ်ချက် အစီရင်ခံစာ ထုတ်ပြန်ခြင်းနှင့် OECD၊ European Union၊ ILO၊ နော်ဝေနိုင်ငံ၊ ဆွစ်ဇာလန်နိုင်ငံတို့နှင့် ပူးပေါင်းဆောင်ရွက်သည့် “High-Level Event on Promoting Responsible Investment in Myanmar” အစီအစဉ်သို့ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ပြီး အဖွင့်အမှာစကား ပြောကြားသည်။

အဆိုပါအစီအစဉ်တွင် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ်ကြီး Mr. Ranieri Sabatucci၊ မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံရုံး ဒုတိယအကြီးအကဲနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အကြီးအကဲ Mr. Giacomo Solari၊ နော်ဝေနိုင်ငံသံရုံး ယာယီတာဝန်ခံ Ms. Lise Nordgaard တို့ကလည်း အဖွင့်အမှာစကား ပြောကြားကြသည်။

မြန်မာနိုင်ငံသည် OECD နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့် ရင်းနှီးမြှုပ်နှံမှုမူဝါဒလေ့လာ သုံးသပ်ချက်ကို ၂၀၁၄ ခုနှစ်တွင် ပထမအကြိမ် ထုတ်ပြန်ခဲ့သည်။ ထိုသို့ထုတ်ပြန်ခဲ့ပြီးနောက် ၆ နှစ်တာကာလအတွင်း ရင်းနှီးမြှုပ်နှံမှုဝန်းကျင်တွင် သိသာထင်ရှားသည့် တိုးတက်မှုများ ရရှိအောင် ဆောင်ရွက်နိုင်ခဲ့သည်။

ဒုတိယအကြိမ် OECD ၏ ရင်းနှီးမြှုပ်နှံမှု မူဝါဒလေ့လာသုံးသပ်ချက်သည် အစိုးရအား ရင်းနှီးမြှုပ်နှံမှု ဝန်းကျင်အသစ်အတွက် အခြေခံကောင်းများ၊ အရည်အသွေးပြည့်ဝသည့် အလုပ်သမားဆိုင်ရာစံနှုန်းများကို ချမှတ်ရာတွင် များစွာအထောက်အကူပြုသည့်အပြင် မြန်မာနိုင်ငံတွင် တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုဝန်းကျင်သစ်ကို ဖြစ်စေရန် ဘက်စုံမူဝါဒ လေ့လာသုံးသပ်ချက်များနှင့် အကြံပြုချက်များကို ပံ့ပိုးပေးသည်။

အဆိုပါအခမ်းအနားသို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗရတ်ဆင်း၊  မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အဖွဲ့ဝင်များ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦး၊  ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်နှင့် အစိုးရဌာနဆိုင်ရာ အရာရှိကြီးများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းချုပ်မှ ကိုယ်စားလှယ်များ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ သတင်းမီဒီယာများမှ တာဝန်ရှိသူများ စုစုပေါင်း ၄၀၀ ခန့် တက်ရောက်ကြသည်။

သတင်းစဉ်