နေပြည်တော်  ၂၁   ဇွန် 


ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊ ပြည်ထောင်စုအစိုးရအဖွဲ့၏ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ၊ ရုရှားနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဉီးကိုကိုရှိန် တို့ပါဝင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ အူဖာမြို့၌ ဇွန် ၁၈ ရက် မှ ၂၀ ရက်အထိ ကျင်းပသည့် (၁၀) ကြိမ် မြောက်လုံခြုံရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ၏ အပြည်ပြည်ဆိုင်ရာအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။


ပြည်ထောင်စုဝန်ကြီးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ လုံခြုံရေးကောင်စီ အတွင်းရေးမှူး Mr. Nikolai Patrushev အား ဇွန် ၁၇ ရက်တွင် အူဖာမြို့ရှိ Parkovy Complex Kaminny Hall သို့ သွားရောက်တွေ့ဆုံခဲ့သည်။ တွေ့ဆုံစဉ် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ကုလသမဂ္ဂမျက်နှာစာနှင့် နိုင်ငံတကာရေးရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။


အပြည်ပြည်ဆိုင်ရာ အစည်းအဝေး၌ နိုင်ငံတကာတွင် ခြိမ်းခြောက်မှု မျိုးစုံတိုးပွား လာနေမှုအား ဆွေးနွေးညှိနှိုင်း အဖြေရှာရေး၊ အကြမ်းဖက်မှုအယူအဆ ပြန့်ပွားမှု တိုက်ဖျက်ရန်နှင့် တစ်ကိုယ်တော် အကြမ်းဖက်သမားများ၏ အစွန်းရောက်လုပ်ရပ်များအား တုံ့ပြန်ရန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု မြင့်မားလာစေရေး၊ နိုင်ငံတကာ အကြမ်းဖက် အဖွဲ့အစည်းများ၏ ပြောင်းလဲလာသောနည်းဗျူဟာများအား ပြန်လည်တုံ့ပြန်နိုင်ရေး၊ မဟာဗျူဟာမြောက် တည်ငြိမ်မှု ထိန်းသိမ်းထားရှိနိုင်ရေး၊ အရေးပေါ် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးနိုင်ရေးနှင့်  နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ရှင်သန်ခိုင်မာစေရေး၊ ကမ္ဘာလုံးဆိုင်ရာ သတင်းအချက်အလက် နယ်ပယ်တွင် မဟာဗျူဟာမြောက် တည်ငြိမ်အေးချမ်းမှုအတွက် အာမခံနိုင်မှုအဖြစ် နိုင်ငံတကာ သတင်းအချက်အလက် လုံခြုံမှု စနစ် ထူထောင်ရေးတို့အား ဆွေးနွေးခဲ့ကြသည်။


ပြည်ထောင်စုဝန်ကြီးသည် ဇွန် ၁၈ ရက် မွန်းလွဲပိုင်း မျက်နှာစုံညီ အစည်းအဝေးတွင် “ခြိမ်းခြောက်မှု မျိုးစုံ တိုးပွားလာနေမှုနှင့် ရင်ဆိုင်နေရသည့် နိုင်ငံများ၏ အမျိုးသား လုံခြုံရေးနှင့် ရေရှည်တည်တံ့သည့် လူမှုစီးပွား ဖွံဖြိုးတိုးတက်မှု  ခိုင်မာမှုရရှိစေရေး” ခေါင်းစဉ်အောက်၌ မိန့်ခွန်းပြောကြားသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေး ကောင်စီအတွင်းရေးမှူး Mr. Nikolai Patrushev က အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များအား တည်ခင်းဧည့်ခံသည့် နေ့လယ်စားစာပွဲသို့ တက်ရောက်သည်။


ပြည်ထောင်စုဝန်ကြီးသည် ဇွန် ၁၉ ရက်တွင် မော်စကိုမြို့၌ ရုရှားနိုင်ငံ၊ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာန ဝန်ကြီး Mr. Maxim Oreshkinနှင့် တွေ့ဆုံ၍ နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ရေးအတွက် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ အဆိုပါဆွေးနွေးပွဲသို့ ရုရှားနိုင်ငံ၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Mr. Tumur Maximov နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ၊ မြန်မာသံအမတ်ကြီး ဉီးကိုကိုရှိန်တို့ တက်ရောက်ခဲ့ကြသည်။


ပြည်ထောင်စုဝန်ကြီးသည် ရုရှားနိုင်ငံ၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် မြန်မာ-ရုရှားစီးပွားရေးဆွေးနွေးပွဲသို့လည်း တက်ရောက်ခဲ့ပြီး နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများ၊ အသေးစားနှင့် အလတ်စားလုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရေးကိစ္စရပ်များကို  အကျယ်တဝင့် ဆွေးနွေးခဲ့သည်။ ဆွေးနွေးပွဲသို့ ရုရှားနိုင်ငံ၊ စီးပွားရေးဖွံဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် စီးပွားရေးကဏ္ဍအသီးသီးမှ လုပ်ငန်းရှင်များ ပါဝင်တက်ရောက်ခဲ့ကြပြီး၊ ပြည်ထောင်စုဝန်ကြီးက တက်ရောက်သူများ၏ မေးမြန်းချက်များကို ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။ 


(သတင်းစဉ်)