နေပြည်တော် ၁၃ ဒီဇင်ဘာ
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Mr. Timur MAKSIMOV ဦးဆောင်သော စီးပွားရေးကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၁) ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နှစ်နိုင်ငံအကြား တည်ရှိပြီးဖြစ်သည့် ချစ်ကြည်ရင်းနှီးမှု၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး၊ နည်းပညာနှင့် နှစ်နိုင်ငံ ပြည်သူများအကြား ဆက်ဆံမှုတိုးမြှင့်ရေး၊ ပညာရေးကဏ္ဍ၊ စွမ်းအင်နှင့်စက်မှုကဏ္ဍ၊ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍနှင့် ဒေသတွင်း ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေး ကိစ္စရပ်များကိုလည်းကောင်း၊ နည်းပညာနှင့် အသက်မွေးဝမ်းကြောင်းကဏ္ဍ၊ လယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍ၊ ပြန်လည်ပြည်ဖြိုးမြဲစွမ်းအင် ခရီးသွားလာရေးကဏ္ဍများတွင် ရုရှားနိုင်ငံမှ တိုးချဲ့ရင်း နှီးမြှုပ်နှံနိုင်ရေး ကိစ္စရပ်များနှင့် နှစ်ဖက်အကျိုးတူပူးပေါင်းရေး ကိစ္စရပ်များအားလည်းကောင်း ရှင်းလင်းပြောကြားသည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက တတိယအကြိမ် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ပူးတွဲကော်မရှင် အစည်းအဝေး ကျင်းပရေးအတွက် အကြိုညှိနှိုင်းဆွေးနွေးနိုင်ရန်နှင့် နှစ်နိုင်ငံစီးပွားရေး လုပ်ငန်းရှင်များ ချိတ်ဆက်မိစေရေး၊ ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှု တိုးတက်ရေး၊ နှစ်နိုင်ငံအကြား သဘောတူညီထားပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများ ဆက်လက်အကောင်အထည်ဖော်ရေး၊ ထပ်မံတိုးချဲ့ဆောင်ရွက်နိုင်မည့် အလားအလာရှိသော စီမံကိန်းများ၊ ရုရှားကုမ္ပဏီကြီးများမှ မြန်မာနိုင်ငံတွင် ပိုမိုရင်းနှီးမြှုပ်နှံမှုနိုင်ရေးနှင့် နှစ်နိုင်ငံအကြား လေကြောင်းတိုက်ရိုက် ပြန်သန်းနိုင်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြောကြားသည်။
ဆက်လက်၍ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဗရတ်ဆင်းနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Mr. Timur MAKSIMOV တို့က ဦးဆောင်ပြီး တတိယအကြိမ် ရုရှား-မြန်မာ အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေးကော်မရှင် အစည်းအဝေး၏ အကြိုညှိနှိုင်း အစည်းအဝေးကို ကျင်းပရာ နှစ်နိုင်ငံအစိုးရ တာဝန်ရှိသူများ နှင့် စီးပွားရေးလုပ်ငန်းရှင်များက နှစ်နိုင်ငံလက်ရှိကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအပေါ် ခြုံငုံသုံးသပ်၍ ဆက်လက်ပူးပေါင်း ဆောင်ရွက်မည့် အလားအလားများနှင့် တတိယအကြိမ် ကော်မရှင် အစည်းအဝေး ကျင်းပရေး ကိစ္စရပ်များအား နှစ်ဖက်ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
ရုရှားစီးပွားရေး ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးအတွက် နိုင်ငံတော်စီးပွားရေးရာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများကိုလည်း ဆက်လက်တွေ့ဆုံ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်