နေပြည်တော် ၂၉   ဇူလိုင် 


ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ခရီးသွားလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်တို့ ဦးဆောင်သောအဖွဲ့သည် တနင်္သာရီတိုင်းဒေသကြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များ နှင့်စပ်လျဉ်း၍ တနင်္သာရီတိုင်းဒေသကြီးသို့ သွားရောက်ခဲ့ကြရာ ဇူလိုင် ၂၆  ရက်နေ့ နံနက်ပိုင်းတွင်  ကော့သောင်းလေဆိပ်သို့ ရောက်ရှိခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ 


ထို့နောက် ပြည်ထောင်စုဝန်ကြီးများ ဦးဆောင်သောအဖွဲ့သည် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများလိုက်ပါလျှက် မြို့မဆိပ်ကမ်းမှတစ်ဆင့်သူဌေးကျွန်းရှိ Marina Bay ပြုလုပ်မည့် နေရာသို့ မော်တော်ဘုတ်များဖြင့် လည့်ပတ်ကြည်ရှုခဲ့ကြပြီး မွန်းလွဲပိုင်းတွင် သူဌေးကျွန်းဟိုတယ်ရှိ အစည်းအဝေးခန်းမတွင် ကျင်းပသည့် တနင်္သာရီတိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏ (၂/၂၀၁၉)အစည်းအဝေးသို့  တက်ရောက်ခဲ့ကြသည်။


အစည်းဝေးတွင် ခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် က အဖွင့်အမှာစကားပြောကြားရာ၌ မြိတ်ကျွန်းစုဒေသတွင် ကျွန်းပေါင်းများစွာ ကမ်းခြေပေါင်းများစွာရှိပြီး ပင်လယ်ပြင်ခရီးသွားလုပ်ငန်းများ၊ အပျော်စီးသင်္ဘောခရီးစဉ်များ စသည်ဖြင့် ပင်လယ်ပြင်ကိုအခြေပြုသည့် ခရီးသွားလုပ်ငန်းများစွာကို ဆောင်ရွက်လျက်ရှိရာ နှစ်စဉ်ခရီးသည်ရောက်ရှိမှုမှာလည်း တိုးတက်လျက်ရှိကြောင်း၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးမှုနှင့်အတူ သဘာဝပတ်ဝန်းကျင်နှင့် ပင်လယ်သယံဇာတ အရင်းအမြစ်များ ထိန်းသိမ်းစောင့်ရှောက်ပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်သော ခရီးသွားလုပ်ငန်းအဖြစ် ဖော်ဆောင်သွားရန် လိုအပ်ပါကြောင်း၊ ထို့အပြင် ကျွန်းများပေါ်တွင် တည်းခိုနေထိုင်ရန် အဆောက်အဦများ ဆောက်လုပ်ရာ၌ သဘာဝကိုမပျက်စီးစေသော Ecolodge ပုံစံအဆောက်အဦများကို ဦးစားပေးဆောက်လုပ်သွားရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။ 


ဆက်လက်၍ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားရာတွင် မြန်မာနိုင်ငံ၏ စွဲမက်ဖွယ်ကောင်းသော သဘာဝအလှတရားများကြောင့် ကမ္ဘာ့နိုင်ငံများရှိ လှည့်လည် လည်ပတ်သင့်သည့်နေရာများတွင် မြန်မာနိုင်ငံက ပါဝင်လျက်ရှိသည်ကို တွေ့ရကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုတွင် ခရီးသွားလုပ်ငန်းမှာလည်း အရေးပါသည့် အခန်းကဏ္ဍတစ်ခုမှ ပါဝင်လျက်ရှိကာ သဘာဝကိုအခြေခံသည့် ခရီးသွားလုပ်ငန်းဖြစ်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်နှင့်ပြည်သူအကျိုးရှိမည့် သဘာဝပတ်ဝန်းကျင်ပျက်စီးထိခိုက်မှုအနည်းဆုံးဖြစ်သော ခရီးသွားလုပ်ငန်း ရင်းနှီးမြှုပ်နှံမှုများအား ဖိတ်ခေါ်ရန်လိုအပ်ပါကြောင်း၊ နိုင်ငံခြားသားခရီးသွားဧည့်သည်များ အပျော်စီးသင်္ဘောများဖြင့် အဆင်ပြေ လွယ်ကူစွာဝင်ရောက်နိုင်ရေးအတွက်နှင့် ရာသီပိတ်သိမ်းချိန်တွင် လုံခြုံစွာရပ်နားထားရှိရေးအတွက် Marina Bay ထားရှိသွားရန်လိုအပ်ပြီး ထိုကဲ့သို့စီမံခြင်းဖြင့် ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးလာရေးအတွက်ကို အထောက်အပံ့ဖြစ်စေကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးတွင် ခရီးသွားလုပ်ငန်းအပြင် ပုလဲမွေးမြူရေး လုပ်ငန်းသည်လည်း ဝင်ငွေရရှိသည့် လုပ်ငန်းတစ်ခုဖြစ်သည့်အတွက် ပုလဲလုပ်ငန်း၊ ခရီးသွားလုပ်ငန်း နှင့်ငါးလုပ်ငန်းတို့ကို စနစ်တကျ ဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်ရန် အကောင်အထည်ဖော်သွားရန် လိုအပ် ကြောင်း၊ ပြည်ဝင်ခွင့်ဗီဇာကို ဖြေလျော့ပေးခြင်းဖြင့် ကမ္ဘာလှည့်ခရီးသွားဧည့်သည်များမှ မြန်မာနိုင်ငံသို့ အလွယ်တကူ ပိုမိုဝင်ရောက်လာနိုင်ကာ နိုင်ငံခြားငွေပိုမိုရရှိလာနိုင်ကြောင်း ၊ လေကြောင်းလိုင်းများမှ လေယာဉ်များ တိုက်ရိုက်အတက်အဆင်းပြုလုပ်နိုင်ရန်အတွက် လေဆိပ်များကိုလည်း Upgrade ပြုပြင်ပြင်ဆင်ခြင်း ပြုလုပ်သွားရန်လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။ 


ထို့နောက်   တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြင့်မောင်က ပြောကြားရာတွင် တနင်္သာရီတိုင်း ဒေသကြီးတွင် ခရီးသည်များ ပိုမိုဝင်ရောက်လာကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် ဟိုတယ်နှင့်ခရီးသွား လုပ်ငန်း  ပုလဲမွေးမြူရေးလုပ်ငန်း ၊ ငါးမွေးမြူရေးလုပ်ငန်းများကို ဇုန်များခွဲခြားသတ်မှတ်၍ ခရီးစဉ်ဒေသ မြှင့်တင်နိုင်ရေး ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ၊ တရားမဝင် လုပ်ငန်းများဆောင်ရွက် သည့် အခြေအနေများအား ပူပေါင်းထိန်းသိမ်းရန်လိုအပ်ကြောင်း ၊ ဒေသအလိုက်ဖွံ့ဖြိုးရေးအတွက် ရပ်ရွာလူထု အခြေပြုခရီးသွားလုပ်ငန်း CBT များတိုးချဲ့ဖော်ဆောင်ခြင်းနှင့် ဒေသခံလူထုအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုဖြစ်ပေါ်နိုင်ရေး ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်သည့် ရင်နှီးမြှုပ်နှံမှု အခွင့်အလမ်းများအား ပိုမိုရရှိအောင် ခွင့်ပြုဆောင်ရွက်ပေးနိုင်ရေး လိုအပ်လျက်ရှိပါကြောင်း ပြောကြား ခဲ့ပါသည်။ ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီဝင်များမှ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြခဲ့ကြသည်။ 


ဆက်လက်ပြီး ဇူလိုင် ၂၇  ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးများ ဦးဆောင်သောအဖွဲ့သည် တနင်္သာရီတိုင်းဒေသကြီးအတွင်း MIC ခွင့်ပြုမိန့်ဖြင့် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက် ရန် ပြင်ဆင်နေကြသည့် ဗိုလ်နက်ကျော်နှင့်(၁၀)မိုင်ကမ်းခြေ ၊ မကြုံကလက်ကျွန်းများကိုလည်းကောင်း၊ ဝါးအလယ်ကျွန်းတွင် သဘာဝကို အခြေခံပြီး ဆောက်လုပ်ထားသော ဟိုတယ်အဆောက်အဦများနှင့် ကျွန်းပေါ်တွင် သဘာဝကိုမပျက်စီးစေဘဲ ဟိုတယ်လုပ်ငန်းဆောင်ရွက်ထားရှိမှုများကိုလည်းကောင်း ၊ ညောင်ဦးဖီး ကျွန်းတွင် ဟိုတယ်ဆောင်ရွက်နေမှုများကိုလည်းကောင်း မော်တော်ဘုတ်ဖြင့် လည်ပတ် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။


ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သောအဖွဲ့သည်  ဂရမ်းအက်ဒမန်ကုမ္ပဏီများအုပ်စု နှင့် ပြည့်စုံထက်မြင့်ကုမ္ပဏီလီမီတက်တို့၏ မုတ်ကောင်သားဖောက်ပုလဲမွေးမြူရေးထုတ်လုပ်ရေး စခန်း ဖြစ်သော ငလုံးလက်ဖယ်ကျွန်းသို့ ရောက်ရှိပြီး ကုမ္ပဏီမှအုပ်ချုပ်မှုဒါရိုက်တာဖြစ်သူ ဦးမျိုးဝင်းသန်းက  ပုလဲစခန်းဖြစ်ပေါ်လာမှု၊ ပုလဲမွေးမြူရေးထုတ်လုပ်ရေးလုပ်ငန်းများ အဆင့်ဆင့်ထုတ်လုပ်မှု၊ သားပေါက် မုတ်ကောင်များ ရေချမွေးမြူမှု၊ မုတ်ကောင်မွေးမြူထားရှိမှု၊ Long Line များချထားမှု၊ ဝတ်ဆံသွင်းမှု၊ ပုလဲဖော်ယူမှုလုပ်ငန်းတို့ကို ရှင်းလင်းပြသခဲ့ရာ ပြည်ထောင်စုဝန်ကြီးများက လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့သည်။


ဇူလိုင် ၂၈  ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးများ ဦးဆောင်သော အဖွဲ့သည် ကော့သောင်းမြို့ရှိ ဘုရင့်နောင်အငူနှင့်ဘုရင့်နောင်ကုန်းသို့ သွားရောက်ကြည့်ရှုခဲ့ကြပြီး Victoria Cliff ဟိုတယ်တွင် ခရီးသွားလုပ်ငန်းနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာများနှင့်ပတ်သက်၍ ဒေသခံ လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ကြသည်။ 


တွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဉက္ကဌ ၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးအုန်းမောင်၊တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးလှထွေး နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချို၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီ များညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံ စီးပွားရေးလုပ်ငန်းရှင်များနှင့်အသင်းအဖွဲ့များ နှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိုယ်စားလှယ်များ တက်ရောက် ခဲ့ကြပါသည်။


တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် လာရောက်သူများ အခက်အခဲနည်းပါးပြီး မြန်ဆန်စနစ်ကျစေရန် ရည်ရွယ်ကာ တိုင်းဒေသကြီးတွင် ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ကို ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ခရီးသွားကဏ္ဍရင်းနှီးမြှုပ်နှံမှုမှာလည်း ဒေသဖွံ့ဖြိုးရေးအတွက် အရေးပါသည့်အပြင် ရေရှည်ဖွံ့ဖြိုးတိုးတက်သောစီမံကိန်းများ ၊ ဟန်ချက်ညီဖွံ့ဖြိုးတိုးတက်သော စီမံကိန်းများ (Win Win Situation) ဖြစ်စေရန်အတွက် အလေးထားဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ခရီးသွားကဏ္ဍတွင် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးနှင့် သွားလာမှုလွယ်ကူချောမွေ့စေရေးမှာ အရေးကြီး ကြောင်း၊  ရင်းနှီးမြှုပ်နှံလိုသုူများသည် နိုင်ငံနှင့်လူထုအပေါ် အမှန်တကယ် အကျိုးရှိမည့် ရည်ရွယ်ချက်ဖြင့် လုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံကြစေလိုကြောင်း ပြောကြားခဲ့သည်။ 


ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်ကပြောကြားရာတွင် တနင်္သာရီတိုင်းဒေသကြီးသည်  အဏ္ဏဝါခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာနေသည့် တိုင်းဒေသကြီးဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး ၊ အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရေးတို့အတွက် ခရီးသွားလုပ်ငန်းကဏ္ဍတွင် လုပ်ကိုင်နေသည့် လုပ်ငန်းရှင်များမှ  ဝိုင်းဝန်းကြိုးပမ်းကြရန် လိုအပ်ကြောင်း ၊ ခရီးစဉ်များတွင် အန္တရယ်ကင်းရှင်းစေရန်နှင့် အနောက်နိုင်ငံမှ နိုင်ငံခြားသားခရီးသွားဧည့်သည်များအပြင် တရုတ်နိုင်ငံသားခရီးသွားအများအပြား လာရောက်လည်ပတ် လျက်ရှိရာ ၎င်းတို့အတွက် ကောင်းမွန်သည့် ဝန်ဆောင်မှုနှင့်ဧည့်ဝတ်ကျေပွန်ရန် လိုအပ်ပြီး မိမိခရီးစဉ် ဒေသရေရှည်ဖွံ့ဖြိုးစေရေးအတွက်လည်း ဒေသမှချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများ စနစ်တကျ လိုက်နာစေရန်နှင့် ခရီးစဉ်များချောမွေ့စေရေးအတွက် စောင့်ကြည့်လေ့လာထိန်းသိမ်းပေးကြရန် လိုအပ်ကြောင်း၊  နိုင်ငံတော်မှ စီးပွားရေး ၊ လူမှုရေးကဏ္ဍများတွင် ဖွံ့ဖြိုးတိုးတက်ရန် အားသွန်ခွန် စိုက်ဆောင်ရွက်လျက်ရှိရာ မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံများမှလည်း တတ်စွမ်းသ၍ ပူပေါင်းဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။ 


MDN