နေပြည်တော်၊ ၂၉ ဒီဇင်ဘာ

 

၂၀၁၉ ခုနှစ်၊ ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း ပင်မအစီရင်ခံစာများ ထုတ်ပြန်ခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ ၂၀၁၉ ခုနှစ်၊ ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း ကောက်ယူရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်၊ ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ကြီးဌာနအသီးသီးမှ ဗဟိုကော်မတီဝင်များဖြစ်ကြသည့် အမြဲတမ်းအတွင်းဝန်များနှင့် ညွှန်ကြားရေးမှူးချုပ်များသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ တက်ရောက်ကြပြီး လူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) မှ ဌာနေကိုယ်စားလှယ် Mr. Ramanathan Balakrishnan ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ NGOs ၊ INGOs တို့မှ ကိုယ်စားလှယ်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

 

အစီအစဉ်အရ  ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း ကောက်ယူရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ၂၀၁၉ ခုနှစ်၊ ကြားဖြတ်လူဦးရေသန်း‌ခေါင်စာရင်း ကောက်ယူပြီးနောက် ပင်မအစီရင်ခံစာမထုတ်ပြန်နိုင်မီ ကိုဗစ်-၁၉ တုံ့ပြန်ရေးနှင့် ကုစားရေးလုပ်ငန်းစဉ်များအတွက် လိုအပ်သည့် စာရင်းအင်းအချက်အလက်များကို ပံ့ပိုးပေးနိုင်ရန် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း ရှေ့ပြေးရလဒ်များကို ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ် (၃၁) ရက်‌တွင် ထုတ်ပြန်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ၂၀၁၉ ခုနှစ်၊ ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းသည် ကိုဗစ်-၁၉ မဖြစ်ပွားမီ အနီးကပ်ဆုံး‌ ကောက်ယူပြီးစီးခဲ့သည့် စစ်တမ်းဖြစ်သည့်အပြင် မေးခွန်းပေါင်း (၁၁၀) မေးမြန်းနိုင်ခဲ့သည့်အတွက် လူဦးရေနှင့် လူမှုစီးပွားဆိုင်ရာ အချက်အလက်များကို အဆိုပါစစ်တမ်းမှ ရရှိနိုင်မည် ဖြစ်ပါကြောင်း၊ ၂၀၁၉ ခုနှစ်၊ ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းကို လုပ်ငန်းအဆင့် (၄) ဆင့် ရေးဆွဲဆောင်ရွက်ခဲ့ပြီး သက်ဆိုင်ရာအစိုးရ ဌာနများ၊ ဦးစီးဌာန / အဖွဲ့အစည်းများ၊ ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလအထိ အောင်မြင်စွာ ကွင်းဆင်းကောက်ယူနိုင်ခဲ့ခြင်း ဖြစ်ပါကြောင်း။

 

၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းသည် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan)ကို အကောင်အထည်ဖော်ရာတွင် တိုးတက်မှု၊ ထိရောက်မှုများကို စောင့်ကြည့်အကဲဖြတ်မည့် အမျိုးသားအဆင့်ညွှန်းကိန်းမူဘောင် (National Indicator Frame - work) နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင် (Sustainable Develop - ment Goals) များအတွက် ချမှတ်ထားသည့် ရည်မှန်းချက်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုကို သုံးသပ်နိုင်ရန်နှင့် အညွှန်းကိန်းများပံ့ပိုးနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ထို့ပြင် ၂၀၂၄ ခုနှစ်တွင် ထပ်မံကောက်ယူမည့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ် ငန်းစဉ်တစ်ခုလည်းဖြစ်ပါကြောင်း၊ ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းတွင် အပိုင်း (၁၂) ပိုင်း၊ မေးခွန်းပေါင်း (၁၁၀) ပါဝင်ပြီး လူဦးရေဆိုင်ရာ အချက်အလက်များ၊ ပြည်တွင်း/ ပြည်ပ ပြောင်းရွှေ့သွားလာမှု၊ ပညာရေးနှင့် လုပ်သားအင်အား၊ မွေးဖွားမှုနှင့်သေဆုံးမှု၊ မသန်စွမ်းမှု၊ သက်ကြီးရွယ်အိုနှင့် ဆက်စပ်သည့်အကြောင်းအရာများ၊ အိမ်အကြောင်းအရာ၊ ရေ၊ ပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေး စသည့် အချက်အလက်များကို  နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ မေးမြန်းခဲ့သည့်အတွက် အညွှန်းကိန်းများစွာကို ဖော်ထုတ်ပံ့ပိုးပေးနိုင်မည် ဖြစ်ပါကြောင်း။

 

အထူးသဖြင့် ကြားဖြတ်သန်းခေါင် စာရင်းတွင် သောက်ရေအရည်အသွေးစစ်ဆေးမှုကိုလည်း ပထမဦးဆုံးအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်နိုင်ခဲ့ပါကြောင်း၊ ထို့ကြောင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်၏ ရည်မှန်းချက်တစ်ခုဖြစ်သည့် သောက်ရေ အရည်အသွေးဆိုင်ရာ အညွှန်းကိန်းများကိုလည်း စတင်ပံ့ပိုးပေးနိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စာရင်းအင်းအချက်အလက်များ တိကျမှန်ကန်မှုရှိစေရန် အချိန်နှင့် တပြေးညီရရှိစေရန်အတွက် ယုံကြည်ကိုးစားနိုင်သည့် စာရင်းအင်းများဖြစ်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံ၏ဖွံ့ဖြိုးရေးမူဝါဒများ၊ စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ရာတွင်လည်းကောင်း၊ စီမံကိန်းများကို စောင့်ကြည့်အကဲဖြတ်ရာမှာလည်းကောင်း ခိုင်မာသည့် စာရင်းအင်းအချက်အလက်များကို အခြေခံရန်လိုအပ်သည့်အတွက် ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းမှ ရရှိလာသည့် အချက်အလက်များ၏ အရည်အသွေးခိုင်မာရေးကိုလည်း အထူးအလေးထား ဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့ကြောင့် ကြားဖြတ်သန်းခေါင်စာရင်းရလဒ်များသည် မိမိတို့ဝန်ကြီးဌာနအတွက်သာမက နိုင်ငံတော်၏ ကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ၊ လူမှုစီးပွားဘဝ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များနှင့် စာရင်းအင်းဆိုင်ရာ အညွှန်းကိန်းများရရှိနိုင်ရေးတို့အတွက် များစွာအထောက်အပံ့ဖြစ်နိုင်မည် ဖြစ်ပါကြောင်း။

 

၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းသည် သမားရိုးကျအိမ်ထောင်စုများ၏ လူဦးရေကိုသာ ကောက်ယူခြင်းဖြစ်သည့်အတွက် အဖွဲ့အစည်းပုံစံဖြင့် နေထိုင်သူများနှင့် အိမ်ခြေရာခြေမဲ့ လူဦးရေများမပါဝင်သည်ကို စာရင်းအင်းအချက် အလက်အသုံးပြုသူများ အနေဖြင့် သတိပြုစေလိုပါကြောင်း၊ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်း ရလဒ်များ ထွက်ရှိလာခြင်းသည် မိမိတို့ဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ ပူးပေါင်းပါဝင်ပေးကြသူများအတွက် မှတ်တိုင်တစ်ခုဖြစ်သကဲ့သို့ နိုင်ငံတော်အတွက် တန်ဖိုးမဖြတ်နိုင်သည့် အရင်းအမြစ်များလည်း ဖြစ်ပါကြောင်း၊  ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်း အချက်အလက်များသည် ကိုဗစ်-၁၉ မတိုင်ခင်နှင့် ကိုဗစ်-၁၉ အလွန်ကာလ ပြောင်းလဲမှုများ၊ ကိုဗစ်-၁၉ ၏ နောက်ဆက်တွဲ အကျိုးဆက်များကို ဆန်းစစ်လေ့လာရန်နှင့် ကုစားရေးလုပ်ငန်းစဉ်များ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များအတွက် စနစ်တကျပြင်ဆင် အကောင်အထည်ဖော်ရာတွင် များစွာအထောက်အပံ့ဖြစ်မည်ဟု ယုံကြည်ပါကြောင်း၊ ထို့ကြောင့် မိမိနိုင်ငံရှိပြည်သူများ၏ ပကတိလူမှုစီးပွားရေး အခြေအနေမှန်ကိုပြဆိုသည့် အရင်းအမြစ်များအဖြစ် အဆိုပါ ရလဒ်များကို အသုံးပြုကြပါရန် တိုက်တွန်းပါကြောင်း၊ ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းစဉ်တစ်ခုလုံးတွင် ပူးပေါင်းပါဝင် ပံ့ပိုးကူညီဆောင်ရွက်ပေးကြသည့် ဌာနဆိုင်ရာများ၊ UNFPA ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် မိတ်ဖက်အဖွဲ့အစည်းများ၊ မေးခွန်းလွှာမေးမြန်းရာတွင် စိတ်ပါဝင်စားစွာ ပူးပေါင်းဖြေဆိုပေးခဲ့ကြသည့် ပြည်သူများအား ကျေးဇူးတင်ရှိပါကြောင်း ရှင်းလင်းပြောကြားသည်။  

 

ယင်းနောက် ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ဌာနေကိုယ်စားလှယ် Mr. Ramanathan Balakrishnan က ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးမှု အခြေအနေများကို ရန်ကုန်မြို့မှ Zoom Application ဖြင့် ရှင်းလင်းပြောကြားပြီး ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဇော်အောင်က ၂၀၁၉ ခုနှစ်၊ ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းစဉ်ကို လည်းကောင်း၊ ညွှန်ကြားရေးမှူး ဒေါက်တာခိုင်ခိုင်စိုးက ၂၀၁၉ ခုနှစ်၊ ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းရလဒ်ကိုလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြသည်။

 

ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူရာတွင် ခရိုင်အဆင့်ကိုယ်စားပြုသည့် အညွှန်းကိန်းများ ရရှိနိုင်ရေးအတွက် နမူနာဒီဇိုင်းရေးဆွဲဆောင်ရွက်ခဲ့ပြီး တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် စာရင်းကောက်ကွက်ပေါင်း (၃,၉၆၀)၊ အိမ်ထောင်စု (၁၃၂,၀၉၂) စု၊ လူဦးရေ (၅၄၈,၅၅၃) ဦးတို့ကို မေးမြန်းကောက်ယူနိုင်ခဲ့သည့်အပြင် သောက်ရေအရည် အသွေးစစ်ဆေးခြင်းကိုလည်း အိမ်ထောင်စုပေါင်း (၁၉,၀၇၇)စုတွင် ဆောင်ရွက်နိုင်ခဲ့ရာ ယခုအခါ ပင်မအစီရင်ခံစာများ ထုတ်ပြန်ပြီးနောက် သက်ဆိုင်ရာကဏ္ဍအလိုက် အသေးစိတ်ဆန်းစစ်လေ့လာထားသည့် သုတေသနစာတမ်းများနှင့် မူဝါဒဆိုင်ရာအကြံပြုချက်များကိုလည်း ဆက်လက်ရေးသားပြုစုသွားမည် ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်