နေပြည်တော် ၁၆ ဒီဇင်ဘာ
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် အိန္ဒိယနိုင်ငံ Unique Identification Authority of India (UIDAI) ရုံးချုပ်မှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Yarram Lakshmi Prasada Rao နှင့်အဖွဲ့အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံအနေဖြင့် e-Government စနစ်အောင်မြင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ ယင်းစနစ်၏ အခြေခံဖြစ်သော e-ID စနစ် ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံး၏ ပံ့ပိုးကူညီမှုဖြင့် အိန္ဒိယနိုင်ငံ၌ကျင့်သုံးနေသည့် Aadhaar စနစ် ဆောင်ရွက်မှုနှင့် ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပဆောင်ရွက်ခဲ့မှု၊ e-ID စနစ် အကောင်အထည် ဖော်နိုင်ရေးအတွက် မြန်မာနှင့် ဩစတြီးယား နှစ်နိုင်ငံနားလည်မှု စာချွှန်လွှာ လက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်နေမှု၊ e-ID စနစ် လုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် အိန္ဒိယနိုင်ငံ UIDAI မှ Aadhaar စနစ်ဆောင်ရွက်ခဲ့သည့် လုပ်ငန်းအတွေ့အကြုံများ မျှဝေပေးနိုင်မှု၊ UIDAI မှ ကိုယ်စားလှယ်များ မြို့နယ်ဦးစီးမှူးရုံးများ၌ နိုင်ငံသားစိစစ်ရေး လုပ်ငန်းဆောင်ရွက်မှုများကို လေ့လာကာ e-ID စနစ် လုပ်ငန်းကော်မတီအား လုပ်ငန်းလိုအပ်ချက်များ၊ လုပ်ငန်းအတွေ့အကြုံများ အကြံပေး ဆွေးနွေး ဆောင်ရွက်နိုင်မှုများ၊ Aadhaar စနစ် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကျင့်သုံးလျက်ရှိသည့် ဥပဒေပြဋ္ဌာန်းချက်များ၊ Data Center လုံခြုံရေးနှင့် ဆိုက်ဘာလုံခြုံရေး ဆောင်ရွက်ထားရှိမှုများ၊ မြန်မာနိုင်ငံ၏ e-ID စနစ်လုပ်ငန်း အကောင်အထည်ဖော်ရာတွင် ဝန်ဆောင်မှုများ ပေးနိုင်ရေးအတွက် ဆက်စပ်ဌာနများဖြင့် ညှိနှိုင်းဆောင်ရွက်ရမည့် အခြေအနေများနှင့် e-ID စနစ် အကောင်အထည်ဖော်ရာတွင် တွေ့ကြုံနိုင်မည့်အခက်အခဲများအပေါ် ဖြေရှင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဆွေးနွေးကြသည်။
(သတင်းစဉ်)