နေပြည်တော် ၂၇ ဖေဖော်ဝါရီ

 

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ILO တို့ပူးပေါင်း၍ အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရားကို လက်တွေ့အကောင်အထည်ဖော်ရာ၌ တိုင်ကြားမည့်အမှုများကို ထိရောက်စွာကိုင် တွယ်ဖြေရှင်းနိုင်ရေးဆိုင်ရာ အထောက်အကူပြုနိုင်ရေးနှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Horizon Lake View Hotel ၌ ကျင်းပသည်။

 

ဆွေးနွေးပွဲတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက မြန်မာနိုင်ငံတွင် အဓမ္မခိုင်းစေမှုပပျောက်ရေးအတွက် ILO နှင့်ပူးပေါင်းပြီး ၂၀ဝ၂ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ဆောင်ရွက်ခဲ့ပြီး ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၁ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ သင့်လျော်ကောင်းမွန်သော အလုပ်အကိုင်ဌာန အစီအစဉ် Decent Work Country Programme  - DWCP (2018-2021) အကောင်အထည်ဖော်ရေး နားလည်မှုစာချွန်လွှာကို ILO နှင့် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များက လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ DWCP လုပ်ငန်းစဉ်အရ အဓမ္မခိုင်းစေမှုပပျောက်ရေး လုပ်ငန်းစီမံချက် (၂၀၁၉ - ၂၀၂၁)ကို ရေးဆွဲခဲ့ပါကြောင်း၊ အဆိုပါ လုပ်ငန်းစီမံချက်ပါ လုပ်ငန်းစဉ် ၁ ဖြစ်သည့် “အဓမ္မခိုင်းစေခြင်းဆိုင်ရာ အမျိုးသားအဆင့် တိုင်ကြားမှုယန္တရားထူထောင်ခြင်း” (National Complaints Mechanism - NCM) ထူထောင်ရေးကို အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းကော်မတီ အဖွဲ့ဝင်များနှင့် အကြိမ်ကြိမ် ညှိနှိုင်းဆွေးနွေးခဲ့ပါကြောင်း။ NCM  အကောင်အထည်ဖော်ဆောင်ရွက်ရန် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂ ရက်တွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ်(၇၂/၂၀၁၉)ဖြင့် အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရား အကောင်အထည်ဖော်ရေး အမျိုးသားကော်မတီကို ဝန်ကြီးဌာန (၁၆) ခုနှင့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်တို့မှ ကိုယ်စားလှယ်များနှင့် ဖွဲ့စည်း၍ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၃ ရက်တွင် လုပ်ငန်းများစတင် ဆောင်ရွက်နေပြီဖြစ်ကြောင်း။

 

အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုတိုင်ကြားမှုယန္တရားသို့ အဓမ္မခိုင်းစေမှုနှင့်စပ်လျဉ်းပြီး မည်သူမဆို တိုင်ကြားနိုင်ပါကြောင်း၊ တိုင်ကြားမှုယန္တရားတွင် တိုင်ကြားသူက အမျိုးသားကော်မတီကို တိုက်ရိုက်ဖြစ်စေ၊ လွှတ်တော်၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့များ၊ ILO အပါအဝင် အခြားအဖွဲ့အစည်းများနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှတစ်ဆင့်ဖြစ်စေ စိတ်ချလုံခြုံစွာ တိုင်ကြားနိုင်ပါကြောင်း၊ တိုင်ကြားလာသည့် အမှုများကို အမျိုးသားကော်မတီ၏ ရုံးအဖွဲ့က မှတ်တမ်းတင်ခြင်း၊ အဓမ္မခိုင်းစေမှုတွင် အကျုံးဝင်ခြင်း ရှိ/မရှိ၊ အမှုအမျိုးအစားခွဲခြား၍ အကျုံးဝင်သည့် အမှုအမျိုးအစားအလိုက် ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၊ ပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့များထံ အမှုတွဲလွှဲပြောင်းပေးပို့၍ ဖြေရှင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

 

သက်ဆိုင်ရာဌာနများမှ ဖြေရှင်းပြီးစီးမှုများကို သက်ဆိုင်သူထံ တိုက်ရိုက်ပြန်ကြားရန်နှင့် ဖြေရှင်းဆောင်ရွက်ထားရှိမှုများကို အမျိုးသားကော်မတီသို့ ပြန်လည်တင်ပြစေပြီး စနစ်တကျ မှတ်တမ်းတင်ထားရှိကာ အမျိုးသားကော်မတီ၏ အတည်ပြုချက်ဖြင့် သတင်းထုတ်ပြန်ပြီး နိုင်ငံတကာအသိုက်အဝန်းသို့ အသိပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တိုင်ကြားလာသူများနှင့် အဓမ္မကျူးလွန်ခံရသူများကို လက်တုန့်ပြန်မှုမရှိစေရေး၊ တိုင်ကြားသူနှင့်ပတ်သက်သည့် အချက်အလက်များကို လျှို့ဝှက်ဖြေရှင်းပေးရန် အမျိုးသားကော်မတီဝင် ဝန်ကြီးဌာနများကို ညှိနှိုင်းအကြောင်းကြားထားပြီးဖြစ်၍ ဝန်ကြီးဌာနများမှ အလေးထား ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ILO ဆက်သွယ်ရေးအရာရှိ Mr. Donglin Li နှင့် Ms. Piyamal Pichaiwongse တို့က လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးတင်ပြကြရာ အမျိုးသားအဆင့် ကော်မတီအဖွဲ့ဝင်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။

 

အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်၊ အမျိုးသားအဆင့် ကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

သတင်းစဉ်